သပိတ်စစ်ကြောင်း ရန်ကုန်မဝင်ရောက်ရန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ကြေညာချက်ထုတ်


လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတွင် ရောက်ရှိနေသည့် ကျောင်းသားသပိတ်စစ်ကြောင်းမှ သံဃာတော်များနှင့် ကျောင်းသားများ ရန်ကုန်မြေသို့ ဝင်ရောက်ခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဒါက မေတ္တာရပ်ခံတာပါ။ ကျောင်းသားတွေ စာမေးပွဲကို မထိခိုက်စေချင်လို့ နိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့က ထုတ်တဲ့အတိုင်းပဲ ထုတ်လိုက်တယ်။ သပိတ်မှာက ရန်ကုန်တိုင်းက သံဃာတွေတော့ မပါပါဘူး။ မန္တလေးဘက်က သံဃာတွေတော့ ပါတယ်။ အထက်က ထုတ်လိုက်လို့ တိုင်းအဆင့်အနေနဲ့ ထုတ်လိုက် တာပါ” ဟု ယင်းအဖွဲ့မှ အကျိုးတော်ဆောင် ဘဒ္ဒန္ဒနရိန္ဒက မိန့်ကြားသည်။

အမျိုးသားဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်များတွင် ဆွေးနွေးအတည်ပြုရန် ပြင်ဆင်နေ ပြီး ၎င်းအခြေအနေကို ဖြစ်ပေါ်လာရန် စတင်လှုပ်ရှားခဲ့သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်
ကော်မတီနှင့် ကျောင်းသားအစုအဖွဲ့များကို အသိအမှတ်ပြုထားကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေ ဆိုသည့် ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရန်နှင့် ပြည်သူများအကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လော ဆိုသည့် စိုးရိမ်စိတ်များ မရှိစေရန် ကျောင်းသားများ ရန်ကုန်မြို့သို့ ဝင်ရောက်ရန် မကြိုး ပမ်းဘဲ မိဘထံ ပြန်ကြရန်၊ သံဃာတော်များအကြား သဘောထားကွဲလွဲမှု မရှိစေရန်နှင့် သံဃာတော်များမှာ ကျောင်းသားအဖွဲ့နှင့် ပူးပေါင်းခြင်းမပြုဘဲ သီတင်းသုံးရာ ကျောင်းတိုက်များကို ပြန်ကြစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံတော်အဆင့်မှ ကျောင်းသားသပိတ်နှင့် ပတ်သက်၍ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားခြင်း မရှိသဖြင့် မည်သည်အတွက်ကြောင့် ကြေညာချက် ထုတ်ရသည်ကို မေးမြန်းသော်လည်း အထက်မှ ထုတ်ပြန်ခိုင်းသည့်အတွက် တိုင်းအဆင့်မှ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဘဒ္ဒန္ဒနရိန္ဒက ထပ်လောင်းမိန့်ကြား သွားသည်။

သံဃာ့အဖွဲ့အစည်းမှ ဆရာတော်များ မေတ္တာရပ်ခံချက်များ မိန့်ကြားမှုမှာ ဝမ်းသာစရာဖြစ်ပြီး ကျောင်းသား များမှာ ပြည်သူများ၏ သားသမီးဖြစ်ကာ ပြည်သူအများစုမှာ ဒါယကာ၊ ဒါယိကာမများ၏ သားသမီးများ ဖြစ်သဖြင့် စောင့်ရှောက်သည့် အနေနှင့် လိုက်ပါခြင်း ဖြစ်ကြောင်း ပင်မကျောင်းသားသပိတ် စစ်ကြောင်း တွင် လိုက်ပါနေသည့် အထက်မြန်မာပြည် ရွှေဝါရောင် သံဃာတော်များကွန်ရက် ဦးဆောင်ဆရာတော် အဖွဲ့ဝင် ဦးရေဝတက မိန့်ကြားသည်။

“ဒီလိုသပိတ်မှောက်ရာမှာ သံဃာတွေ ပါနေတာ သံဃာချင်း သဘောထားကွဲလွဲနိုင်တယ်လို့ မထင်ပါဘူး။ သံဃာဆိုကတည်းက ဝိနည်းတော်နဲ့အညီ သီတင်းသုံးရတာမို့ သံဃာအချင်းချင်းကြား သဘောထားကွဲစရာ မရှိဘူးလို့တော့ ဦးပဉ္စင်း ထင်တယ်။ နောက်ဆုံးပြောချင်တာ ကျောင်းသားတွေပြန်မှ ဦးပဉ္စင်းတို့လည်း ပြန်မယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက တားဆီးထားသဖြင့် သပိတ်စစ်ကြောင်းသည် လက်ပံတန်းမြို့မှ ဆက်လက်ချီ တက်နိုင်ခြင်း မရှိသည့်အတွက် လမ်းဖွင့်ပေးသည်အထိ ကျောင်းသားများက ထိုင်သပိတ် ပြုလုပ်နေပြီး လက်ပံတန်း ဒေသခံများကလည်း ကျောင်းသားများကို တားဆီးခြင်းမပြုရန် ဆန္ဒထုတ်ဖော်လျက် ရှိနေသည်။

The Voice Weekly

မှတ်ချက်များ