အိုင်အက်စ်တို့က အီရတ်ရှိ ရှေးဟောင်း နင်းမ်ရုဒ် မြို့တော်ကိုဖျက်ဆီး

အိုင်အက်စ်တို့ ပြတိုက်အတွင်း အနုပညာလက်ရာ တွေကိုဖျက်ဆီးနေစဉ်
အစ္စလမ်မစ် နိုင်ငံအဖွဲ့ အိုင်အက်စ် စစ်သွေးကြွတွေဟာ ရှေးဟောင်း အာဆီးရီးယားမြို့တော် နင်းမ်ရုဒ်ကို ဖျက်ဆီး ပစ်နေတယ်လို့ အီရတ်အစိုးရက ပြောပါတယ်။ အီရတ် ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်း ယဉ်ကျေး မှုဆိုင်ရာ ဝန်ကြီးဌာနက အင်တာနက် အွန်လိုင်းမှာ ရေးသားဖေါ်ပြချက် အရအိုင်အက်စ် စစ်သွေးကြွတွေ ဟာ သမိုင်းဝင် နင်းမ် ရုဒ်ရှေးဟောင်း မြို့ကြီးကို ဘူလ်ဒိုဇာတွေနဲ့ ထိုးပြီး မြေလှန် ပစ်နေတယ်လို့ သိရပါ တယ်။

မိုဆူးလ်မြို့ကြီးကနေ ၁၈မိုင်လောက် ကွာဝေးတဲ့ နင်းမ်ရုဒ်ဟာ တိုင်းဂရစ်မြစ်ပေါ်မှာတည်ရှိပြီး အဲဒီဒေသ ဟာ အိုင်အက်စ်တို့ ကြီးစိုးတဲ့ နေရာဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ အစ္စလမ် ဘာသာနဲ့ မပတ်သက်သလို ဘာသာရေး ယုံကြည်မှုကိုလည်း စော်ကားရာ ရောက်တယ်လို့ အိုင်အက်စ် အဖွဲ့ကပြောပါတယ်။

မိုဆူးလ်မြို့က ပြတိုက်မှာ အာဆီးရီးယား အနုပညာလက်ရာ ပစ္စည်းတွေကို ဖျက်ဆီးပစ်တဲ့ အိုင်အက်စ် တို့ရဲ့ဝါဒဖြန့်တဲ့ ဗီဒီယို ထွက်လာပြီး တပတ်အကြာမှာ အခုလို နင်းမ်ရုဒ်ကို ဖျက်ဆီးတဲ့ သတင်း ထပ်ထွက် လာတာဖြစ်ပါတယ်။ အဲဒီလို ပြတိုက်ကို တိုက်ခိုက်တုန်းက ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ကုလသ မဂ္ဂက ဝေဖန် ရှုတ်ချခဲ့ပါတယ်။

အခုလို ၁၃ရာစုက တည်ဆောက်ခဲ့တဲ့ နင်းမ်ရုဒ် ရှေးဟောင်း အမွေအနှစ် မြို့တော်ကို ဖျက်ဆီး လိုက်တဲ့ အပေါ် ထိတ်လန့် တုန်လှုပ်မှုတွေ ပေါ်ထွက်လာပြီး ရှေးဟောင်း ပညာရှင်တွေ ကတော့ ဒါဟာ ၂၀ဝ၁ခုနှစ် က အာဖဂန်မှာ တာလီဘန်တွေက ဘာမီယန် ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကို ဖေါက်ခွဲ ဖျက်ဆီး လိုက်တဲ့ အဖြစ်မျိုးနဲ့ ခိုင်းနှိုင်း ပြောဆိုနေ ကြပါတယ်။

BBC Burmese

မှတ်ချက်များ