တရုတ်-မြန်မာ နယ်စပ်ဒေသ တင်းမာမှုများကြောင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်တပ် များ ခြေကုပ်ယူထားရာ ဒေသများသို့ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ထားကြောင်း သက်ဆိုင်ရာ တပ်မတော် အရာရှိတစ်ဦးက ပြောကြားသည်။
နှစ်နိုင်ငံ နယ်စပ်ဒေသအနီးရှိ ကိုးကန့်ဒေသသို့ သွားရောက်တိုက်ခိုက်သည့် တပ်မတော်လေယာဉ်များ၏ ဗုံးဆန်ထိမှန်ပြီး တရုတ်နိုင်ငံသားလေးဦး သေဆုံးသွားသည်ဟု တရုတ်အစိုးရက ပြောဆိုလျက် ရှိသော
ကြောင့် အထင်အမြင်လွဲမှားမှုများ မရှိစေရေးအတွက် လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ထားကြောင်း ၎င်းကဆိုသည်။
“မနေ့ကကတည်းက လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ထားပါတယ်၊ ဒီနေ့လည်း လေယာဉ်တွေနဲ့ မပစ်ပါဘူး၊ အထင်လွဲမှားမှုတွေ ထပ်မဖြစ်အောင်လို့ လောလောဆယ် ရပ်တန့်ထားပါတယ်” ဟု ၎င်း ကဆိုသည်။
ယင်းသို့ တပ်မတော် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ထားသော်လည်း ချင်းရွှေဟော်နှင့် လောက်ကိုင် မြို့ အကြားရှိ ကိုးကန့်လက်နက်ကိုင်များ ခြေကုပ်ယူထားသော လုံထန်တောင်ကုန်းများကို မြေပြင်တွင် လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။
တရုတ်-မြန်မာ နယ်စပ်အနီးတွင် မြန်မာတပ်မတော်က ကိုးကန့်လက်နက်ကိုင်တပ်များကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Lincang နယ်စပ်မြို့ရှိ ကြံစိုက်ခင်းကို မတ် ၁၃ ရက်နေ့က ဗုံးထိမှန်ပြီး တရုတ်နိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနများတွင် ဖော်ပြထားသည်။
ယင်းနောက် တရုတ်-မြန်မာ နယ်စပ်အနီးရှိ တိုက်ပွဲများအတွင်း ပစ်ခတ်မှုများကြောင့် တရုတ်နိုင်ငံသားများ ထပ်မံသေဆုံးပါက ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Fan Changlong က သတိပေး ပြောကြား

ကြောင်း တရုတ်အစိုးရ သတင်းဌာန People’s Daily သတင်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် တရုတ်နိုင်ငံတွင်းမှ ပြည်သူအချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ပဏာမစစ်ဆေးမှုများ ပြုလုပ်ရန် မတ်လ ၁၅ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့နှင့် တရုတ်နိုင်ငံဘက်မှ ဒေသခံ အာဏာပိုင် အဖွဲ့ တစ်ဖွဲ့သည် လည်းကောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ပြည်နယ်နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူ များနှင့် ကူမင်းမြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်တို့သည် လည်းကောင်း အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးကြည့်ရှုလျက် ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၅ ရက်နေ့ ညပိုင်း နိုင်ငံပိုင် သတင်းဌာနများမှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသားများ သေဆုံးပြီးနောက် မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်ပြည်သူ့လွတ်မြောက်

ရေး တပ်မတော် PLA က လေကြောင်း ကြိုတင်ကာကွယ်ရေးအရ တိုက်လေယာဉ်များ စေလွှတ်ထား
ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနများတွင် ဖော်ပြထားသည်။
The Voice

မှတ်ချက်များ