ပြင်သစ်နိုင်ငံမှာ အစိုးရရဲ့ ကျန်းမာရေးပြုပြင်ပြောင်းလဲရေးမူဝါဒကို မကျေနပ်တဲ့အတွက် ပါရီမြို့တော် လမ်းတွေမှာ ထောင်ချီတဲ့ ပြင်သစ်ဆေးဘက်ဆိုင်ရာ ကျောင်းသားနဲ့ ဆရာဝန်တွေ ဆန္ဒပြကြပါတယ်။
ပြုပြင်ပြောင်းလဲလိုက်တဲ့ မူဝါဒဟာ ဗျူရိုကရေစီကို ပိုမိုတိုးပွားစေသလို ကျန်းမာရေး စောင့်ရှောက်မှုကို ထိ ခိုက်တယ်လို့ မတ် ၁၆ ရက်မှာ ဆန္ဒပြသူတွေက ပြောဆိုပေမယ့် အစိုးရကတော့ လူတိုင်း ဆရာဝန်နဲ့ ထိတွေ့ ကုသနိုင်ရေးဖြစ်တယ်လို့ ဆိုပါတယ်။
လွှတ်တော်အမတ်တွေက ဒီဥပဒေသစ်ကို မဆွေးနွေးခင် ၂ ရက်မှာ ဆေးဘက်ဆိုင်ရာက လူအများစုက ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆယ်စုနှစ် ၂ ခုအတွင်း ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ အကြီးမားဆုံးသော ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
ပြင်သစ်မှာ လက်ရှိ ကျင့်သုံးနေတဲ့စနစ်အရ လူနာတွေဟာ ဆရာဝန်နဲ့ ပြရင် ၂၃ ယူရို ပေးရပြီး အစိုးရရဲ့ ကျန်းမာရေးအာမခံက နောက်တော့မှ ငွေပြန်အမ်းပေးပါတယ်။
ဒီနှုန်းနဲ့ ဒီစနစ်အတိုင်းဆိုရင် ဆရာဝန်မပြနိုင်တဲ့ ဆင်းရဲသားတွေ အများကြီး ရှိနေတယ်လို့ ဆိုရှယ်လစ် အစိုးရက ဆိုပါတယ်။
အစီအစဉ်သစ်အရ လူနာတွေဟာ ဆရာဝန်အခမဲ့ ပြနိုင်ကြမှာဖြစ်ပြီး အစိုးရက နောက်တော့မှ ဆရာဝန်
တွေကို ငွေပြန်အမ်းမယ့် အစီအစဉ် ဖြစ်ပါတယ်။
ဝင်ငွေနည်းတဲ့ ပြည်သူတွေ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြင်သစ်အစိုးရက ဖော်ဆောင်နေပေမယ့် အစိုးရဟာ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ သဘောထားကို လျစ်လျူရူ့ပြီး ဥပဒေမူကြမ်းကို ရေးဆွဲထားတယ်လို့ ဆရာဝန်တွေက ဝေဖန်ကြပါတယ်။
ဆရာဝန်တွေက ဒီလို လုပ်တဲ့အတွက် သူတို့မှာ မလိုလားအပ်တဲ့ အလုပ်တွေ ပိုလာနိုင်ပြီး၊ အစိုးရက ငွေပြန်အမ်းတာ နောက်ကျတာမျိုးနဲ့ ကြုံလာနိုင်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် ကျန်းမာရေးဝန်ကြီးကတော့ ဆရာဝန်တွေ စိုးရိမ်တာမျိုး မဖြစ်ရအောင် တိတိကျကျ စီစဉ်ပေး မယ်လို့ အာမခံထားပါတယ်။
DVB

မှတ်ချက်များ