ဂျင်မလေး မိဂျမ်း
သူ့နာမည် မိဂျမ်း
ကြမ်းတမ်း၍ အဆင်မပြေ သူ့မိသားစုအခြေ
မောင်လေးက လေးတန်းအနေ
ညီမလေးက ရှစ်တန်းအတတ်
အမေ့ရဲ့ဆေးဖိုး တစ်လတစ်လ တိုးလာတဲ့စရိတ်က
ဒီဒုက္ခကလွတ်အောင် အိမ်လေးတစ်ခြမ်းပေါင်
နိုင်ငံခြားကို ယောင်တောင်ပေါင်တောင်
စက်ရုံအလုပ်နဲ့ ရောက်ခဲ့ရတဲ့ မိဂျမ်း
စာကမတတ် စကားကနားမလည်
မအူမလည် မြို့ထဲအသွား ကိုရွှေ ကျား နဲ့အတွေ့
မိဂျမ်း ဘဝင်တွေခွေ့ အချစ်တွေနဲ့ပျော်မွေ့
ဒုက္ခကိုမေ့လို့ ရင်တွေလည်း တသိမ့်သိမ့်တုန်
သူ့အချစ်တွေကိုယုံ မိဂျမ်းဘဝကိုပုံ
မျက်စိတွေစုံလုံးကမ်း မိဂျမ်း အချစ်တွေသရမ်းမိခဲ့ပေါ့
လူမျိုးခြင်းမို့အားကိုး ရှင်ကြီး``ကျား´´ထက်ဆိုး
ကိုယ်ရွှေမြန်မာလူမျိုးက ဘယ်ဒိုးလို့ ဒိုးမှန်းမသိ
မိဂျမ်းရင်မှာလဲမချိ နေ့စဉ်ထိုင်ကမျှော်နေမိ
ကိုလူချောက ပြန်တောင်မကြည့်
ခုတော့ … မိဂျမ်းရဲ့ အချစ်တွေလည်း ပါသွားပြီ
မိဂျမ်းရဲ့ အသွေးအသားတွေလည်း ခွားသွားပြီ
အို ကိုလူဆိုး မိဂျမ်း ရှိရာပြန်ခဲ့ပါ ……
မျှော်လေဝေးဝေး မိဂျမ်း အချစ်ကိုယူပြေး
မအူမလည် မိဂျမ်း မလေးကိုသနားတယ်ဆို
ပြန်လာခဲ့ပါ အကို ……
ဒီလိုနဲ့ လူကတော့ပြန်မလာ ပြန်လာတာက
စီဒီချပ်လေး စာတန်းလေးလည်းရေးလို့
``မိဂျမ်း တစ်ယောက်ထဲသာကြည့်ရန်´´ တဲ့
ရင်ကိုထိမှန်တဲ့ရိုက်ချက် မိဂျမ်း ရဲ့မိုက်တဲ့ပြဇာတ်
အဲ့ဒီမှာတင် တစ်ခန်းမရပ် တရစပ်ပေါ်လာတာက
``အဲ့ဒီခွေကို ငွေ( … )နဲ့ရွေးရမယ်
မရွေးဘူးဆို အင်တာနက်ပေါ်တင် အရှက်ခွဲမယ်´´လို့
ခြိမ်းခြောက် မိဂျမ်းခမျာ ရှက်လည်းရှက်
ကြောက်လည်းကြောက်
မိဂျမ်းဘဝလေး ရေကြည်လည်းနောက် ဘဝလေးပါ
ပျောက်ရမယ့် အဖြစ်ပါလား
အို … မြတ်စွာဘုရား ကယ်တော်မူပါ ……
မိဂျမ်း ချစ်ခဲ့မိတဲ့သူ မိဂျမ်း အားကိုးမိတဲ့သူ
မိဂျမ်း နောက်ကျောကို ဓါးနဲ့ထိုး
အမေ ချောင်းတွေလည်းဆိုး
မောင်လေးနဲ့ ညီမလေးရဲ့ ကျူရှင်လခတွေလည်းတိုး
အို … ဆိုးလိုက်တဲ့ဘဝ သေလို့ရရင် သေလိုက်ချင်တယ်
ဒါပေမယ့် မိဂျမ်းရယ် နင့်မိသားစုလေး
ကယ်ရဦးမယ် မဟုတ်လား
ဒီအခွေသာ အင်တာနက်ပေါ် ရောက်သွားရင်
အမလေး ဘုရား ဘုရား ………
ငါ့အမေ တစ်ခါတည်းများ အသက်ထွက်သွားလေမလား
မောင်လေးနဲ့ညီမလေး လူပုံအလယ်
ခေါင်းမဖော်ဝံ့တဲ့အဖြစ်များ ကြုံနေရရင်ဒုက္ခ
ဒီခွေကို ငါ လှေကြီးထိုး ရိုးရိုးလှော်နေလို့တော့
သူတို့တောင်းတဲ့ငွေကြေး ငါပေးနိုင်မှာ မဟုတ်ဘူး
အို … ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့အပိုပဲ
ကိုယ်တိုင်စခဲ့တဲ့ဇာတ် ငါနိုင်အောင် ကတတ်ရမှာပေါ့
``ကိုယ့်ဝမ်းနာ ကိုယ်သာသိ´´ဆိုတဲ့အတိုင်း ကြာရင်
မိသားစုလေး လမ်းဘေးရောက်ရမယ့်အဖြစ်
မိဂျမ်း ရဲ့မိသားစု အရှက်သိက္ခာအတွက် လူမဆန်တဲ့
လူတွေဆီက ခွေပြန်ရဖို့အတွက် မိဂျမ်းဘဝကို
``လက်ခမောင်းခတ်´´ လူမျိုးစုံရဲ့အလည်မှာ မိဂျမ်း
ခန္ဓာလေအပ်ပြီး ပေးဆပ်ခဲ့ရတယ်
မိဂျမ်း မလည်ချင်ပဲ လူမဆန်တဲ့လူတွေရဲ့ ကြိုးနဲ့
ရစ်ပတ်လှည့်ရက်ခဲ့လို့ မိဂျမ်း ဘဝလေး ညစ်ပတ်ခဲ့ပြီ
ခုတော့ … မိသားစု အရှက်ဂုဏ် သိက္ခာအတွက်
``ဂျင်မလေးမိဂျမ်း´´ လည်ခဲ့ရရှာပြီ ~~~~~~~~ ။
(မိန်းကလေးများဘဝ လိမ်လည်လှည့်ဖြားခံရခြင်းမှ
ကင်းဝေးကြပါစေ…… )
မျိုးကြီး

မှတ်ချက်များ