ဗင်နီဇွဲလားမှာ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှု ဖြစ်နေ


ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ စက်ရုံပစ္စည်းပြတ်လပ်မှုတွေဖြစ်လို့ အိမ်သာသုံးစက္ကူတွေ ဈေးကွက်ထဲမှာ မရှိတော့တဲ့ ပြဿနာရင်ဆိုင်နေရပါတယ်။ ပြည်တွင်းက ဟိုတယ်အချို့ဆိုရင် လာရောက်တည်းခိုမယ့် ဧည့် သည်တွေကို ကိုယ်ပိုင်အိမ်သာသုံးစက္ကူနဲ့ ဆပ်ပြာတွေ ယူဆောင်လာကြဖို့ တိုက်တွန်းထားရတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းက တာဝန်ရှိသူတွေက ပြောပါတယ်။

‘‘ တကယ်ကို ခက်ခဲတဲ့အချိန်ပါပဲဗျ။ အိမ်သာသုံးစက္ကူနဲ့ ဆပ်ပြာလုံလုံလောက်လောက်မရတာ တစ်နှစ်
ကျော်တော့မယ်။ တခြားလူသုံးကုန်တွေဖြစ်တဲ့ ကော်ဖီ၊ သကြားစတာတွေလည်း မရတာကြာပြီ။ အဲဒါကြောင့် ဧည့်သည်တွေကို လာမတည်းခင် ကြိုပြင်ဆင်လာကြဖို့ ပြောထားရပါတယ်’’ လို့ ဟိုတယ် ပိုင်ရှင် တစ်ဦးက ပြောပြခဲ့ပါတယ်။ အဆင့်မြင့်ဟိုတယ်ကြီးတွေအတွက် ဒီလိုပစ္စည်းတွေ ရှာဖွေဝယ်ယူလို့ ရနေသေးပေမယ့် အသေးစားဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွေအတွက်တော့ ဒီပစ္စည်းတွေကို မှောင်ခိုဈေး ကွက်ကနေ ဝယ်ယူနေကြရပါတယ်။

မှောင်ခိုဈေးကွက်ထဲမှာလည်း အိမ်သာသုံးစက္ကူတစ်လိပ်ကို ၀.၅ ဒေါ်လာလောက်အထိ ဈေးပေါက်နေတဲ့ အတွက် ပုံမှန်ထက် အဆမတန် ဈေးကြီးမြင့်နေတာဖြစ်ပါတယ်။ ‘‘ မှောင်ခိုဈေးကွက်မှာ စက္ကူတွေ ဝယ်ပြီး
တော့ အကျင့်ပျက်လာဘ်စားတာကို အားမပေးဘူး။ ဒါပေမယ့် တဖက်မှာလည်း အိမ်သာသုံးစက္ကူဝယ်ယူဖို့ ကို စူပါမားကတ်မှာ လေးနာရီလောက် တန်းမစီချင်ကြဘူးလေ’’ လို့ အိမ်ရှင်မတစ်ဦးက ပြောခဲ့ပါတယ်။ ဗင်နီဇွဲလား အစိုးရက ပြည်သူပိုင်အဖြစ် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေရဲ့ ကောင်းစွာ မလည်ပတ်နိုင်မှု အကျိုးဆက်အဖြစ် ပြည်သူတွေကြားမှာ လူသုံးကုန်ပစ္စည်းမလုံလောက်တဲ့ ပြဿနာကို ရင်ဆိုင်လာရတာဖြစ် ပါတယ်။ 

Planet Myanmar

မှတ်ချက်များ