ဗီယက်နမ်တွင် အလုပ်သမားထောင်ချီ ဆန္ဒပြ


ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဟိုချီမင်းမြို့တော်မှာရှိတဲ့ အကြီးစား ဘိနပ်စက်ရုံ တရုံမှာ လူမှုဖူလုံရေး အာမခံ ဥပဒေ နဲ့ပတ်သက်ပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။

၂၀၁၆ ခုနှစ်မှာ သက်ရောက်မယ့် ဥပဒေသစ်ကို မကျေနပ်တဲ့အတွက် အလုပ်သမားတွေက ဆန္ဒပြနေကြ တာ ဖြစ်ပါတယ်။

ဥပဒေသစ်အရ အလုပ်သမားတွေဟာ သူတို့ရဲ့ လစာထဲမှ အာမခံကြေး အရစ်ကျ စုငွေတွေကို အလုပ်မှ အငြိမ်းစားယူတဲ့အခါ ထုတ်ယူ ရရှိမှာဖြစ်ပြီး တလုံးတခဲတည်းအစား လစဉ်အနေနဲ့ အချိုးကျ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခု လောလောဆယ်မှာတော့ အလုပ်သမားတွေက အာမခံကြေးကို လစဉ် လစာထဲမှ အချိုးကျ ပေးသွင်းနေရပြီး အလုပ်ထွက်တဲ့အခါ တစုတစည်းတည်း စုငွေအဖြစ် ရရှိကြတာ ဖြစ်ပါတယ်။

အလုပ်မှ အငြိမ်းစားယူတဲ့နှစ်ကို အမျိုးသားများအတွက် အသက် ၆၀ ဖြစ်ပြီး အမျိုးသမီးများအတွက် ၅၅ နှစ် သတ်မှတ်ထားပါတယ်။

အခုဆိုရင် အလုပ်သမားတွေဟာ စက်ရုံဝင်းအတွင်း စုရုံးဝင်ရောက်နေကြတယ်လို့ သိရပါတယ်။

Pou Yuen ကုမ္ပဏီ ပိုင် အဆိုပါ ဘိနပ်စက်ရုံဟာ Nike နဲ့ Adidas စတဲ့ ဖိနပ်တွေကို ချုပ်လုပ်ပေးနေ တာဖြစ်ပြီး အခုလို အလုပ်သမား အမြောက်အများ အစိုးရကို ဆန့်ကျင် ဆန္ဒပြတာဟာ ဗီယက်နမ်မှာ ရှားပါးတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ