အာဖဂန် လွှတ်တော် အဆောက်အအုံကို တာလီဘန်တို့ စီးနင်းတိုက်ခိုက်


အာဖဂန် နစ္စတန် နိုင်ငံတွင် လွှတ်တော် အဆောက်အအုံကို တာလီဘန် စစ်သွေးကြွများက ဝင်ရောက်စီးနင်း တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။

အာဖဂန် ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သူ မိုဟာမက် အာဆစ်ဖ်က ကဘူးလ်မြို့တော်ရှိ လွှတ်တော် အဆောက်အအုံကို ဇွန်လ ၂၂ ရက်တွင် တာလီဘန်တို့က ဗုံးခွဲတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့သလို ပစ်ခတ်မှုများလည်း ဖြစ်ပွားနေဆဲဟု ပြောကြားခဲ့သည်။ လက်ရှိ အခင်းဖြစ်ပွားနေချိန်တွင် လွှတ်တော်ထဲ၌ အမတ်များ အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် လွှတ်တော် အဆောက်အအုံ စီးနင်း တိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့သော်လည်း အသေအပျောက် အခြေအနေကိုမူ ပြောကြားနိုင်ခြင်း မရှိသေးချေ။ မျက်မြင်အချို့က လွှတ်တော်အတွင်းမှ လူအများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် ရဲတပ်ဖွဲ့က ကြိုးစားနေသည်ကို တွေ့မြင်ခဲ့ရကြောင်း ဆိုသည်။ တာလီဘန်တို့သည် ယခင်ကလည်း အစိုးရ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။

အခြားသော သတင်းများအရ တာလီဘန် တပ်ဖွဲ့များသည် ဇွန်လ၂၂ ရက် နံနက်ပိုင်းတွင် အာဖဂန် အစိုးရ လက်အောက်မှ ဒုတိယမြောက် တိုင်းဒေသတစ်ခုအဖြစ် မြောက်ပိုင်း ကွန်ဒက်ဇ် ဒေသကို သိမ်းယူလိုက်ကြောင်းလည်း သိရသည်။ ဒေသခံ လုံခြုံရေး တပ်ဖွဲ့များနှင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ကွန်ဒက်ဇ်သည် တာလီဘန်တို့ လက်အောက် ကျရောက်သွားကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး မိုဟာမက် ယူဆွတ်ဖ်အေယူဘီက ဆိုသည်။

တာလီဘန်တို့ ကွန်ဒက်ဇ်ကို သိမ်းပိုက်လိုက်ချိန်တွင် လူတစ်သိန်းခွဲမျှ ပိတ်မိနေခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ တာလီဘန်တို့က မိမိတို့သည် ကွန်ဒက်ဇ်ကို ထိန်းချုပ်လိုက်ပြီး တင့်ကားလေးစီးနှင့် စစ်လက်နက် ခဲယမ်းမီးကျောက်များကို အစိုးရတပ်များထံမှ သိမ်းယူလိုက်နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အမေရိကန်နှင့် ဗြိတိသျှ တိုက်ခိုက်ရေးတပ်များ တရားဝင် ရုပ်သိမ်းသွားပြီးနောက် အာဖဂန် အစိုးရတပ်များသည် တာလီဘန်တို့ကို ရင်ဆိုင်တိုက်ခိုက်ရာတွင် အခက်အခဲများစွာနှင့် ရုန်းကန်နေရသည်။

7day daily

မှတ်ချက်များ