မြန်မာတွေ စီးပွားရေး လုပ်တတ်ရဲ့လား

သပ်ရှင်းသပ်ရပ်တဲ့ ရုပ်ရှင်ရုံတွေ မြို့လူထုအတွက် လိုအပ်ပါတယ် (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာ့နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ၂၁ ရာစုမှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ပြီလား။ မကြာခင် လာတော့မယ့် AEC (အရှေ့တောင်အာရှ စီးပွားရေး အသိုက်အဝန်း) နဲ့ AFTA (အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်) အတွက် ဘာတွေ ပြင်ဆင်ထားပြီလဲ။

လွတ်လပ်ရေးရတာ နှစ်ပေါင်း ၆၀ ကျော်သည့်တိုင် မြန်မာ့ထုတ်ကုန်တွေကို Made in Myanmar တံဆိပ်တပ်ပြီး နိုင်ငံခြား ဝင်ငွေရအောင် ပြည်ပနိုင်ငံတွေဆီ ဘယ်လောက် ရောင်းချနိုင်ခဲ့ပြီလဲ။

အထက်ပါ မေးခွန်းအားလုံး အတွက် အဖြေက “နိုး” ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံတကာ အဆင့်မီအောင် တန်းမီ လမ်းမီ ဂုဏ်သိက္ခာရှိရှိ ဈေးမရောင်းတတ် ကြသေးတာ အမှန်ပါပဲ။ မေလ တတိယပတ်က နေပြည်တော်မှာ ပြုလုပ်တဲ့ စက်မှုဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ အမြဲတမ်း အတွင်းဝန် ဦးသွင်မြင့်မောင်က ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် (၂၀၁၄ -၂၀၁၅) မှာ စက်မှုဝန်ကြီးဌာန အနေနဲ့ ကျပ် ၅၅ ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နိုင်ငံပိုင်စက်ရုံတွေ အရှုံးပေါ်နေတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသွားတဲ့ အမြဲတမ်း အတွင်းဝန်ကို အသိအမှတ် ပြုပါတယ်။ အရင် ခေတ်အဆက်ဆက်က ဝန်ထမ်းအကြီးအကဲ ဆိုသူတွေဟာ တာဝန်ကြီးကြီး ယူထား သူတွေ တိုင်းခန်းလှည့်လည်လာတဲ့ အခါ ဖုတ်ပူမီးတိုက် ရေးဆွဲထားတဲ့ ဂရပ်မျဉ်းတွေနဲ့ ထုတ်လုပ်အားက ဘယ်လို၊ ဝယ်လိုအားက ဘယ့်နှယ်၊ အမှာလက်ခံရရှိထားတာက ဘယ်လောက် ဆိုပြီး ညာခဲ့ကြတာပေါ့။ တာဝန်ရှိ လူကြီးမင်း များ စက်ရုံအလုပ်ရုံ အတွင်း ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များကို မှာကြားပြီး ပြန်ပြီဆိုရင် လက်ဆောင် ခြင်းကြီး ခြင်းငယ် အသွယ်သွယ်က ကားနောက်ခန်းမှာ နေရာယူပြီးပြီ။

စက်မှုဝန်ကြီးဌာနပိုင် စက်ရုံအလုပ်ရုံတွေ နိုင်ငံအနှံ့ ရှိခဲ့ရာက အခုလက်ရှိ လည်ပတ်နေတဲ့ စက်ရုံအရေ အတွက်က လက်ချိုး ရေတွက်လို့ ရနေပြီ။ စက်ရုံအလုပ်ရုံ အများစုက ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ရဲ့ လမ်းညွှန်မှုနဲ့ ပုဂ္ဂလိက လက်ထဲ ထိုးအပ်လိုက်ရပြီ။ ပုဂ္ဂလိက လက်ထဲ ရောက်သွားတဲ့ စက်ရုံအလုပ်ရုံတွေက သွားလမ်း လာလမ်း သာတဲ့ နေရာတွေ ချည်းပဲ။ လမ်းမကြီးတွေ ရဲ့ နံဘေးမှာ ရှိကြတဲ့ အဆောက်အအုံကြီးတွေ။ ပုဂ္ဂလိက လက်ထဲကို ရောက်သွားတဲ့ စက်ရုံတချို့ရဲ့ ကာလပေါက် ဈေးက အင်မတန် ချိုလွန်းတယ်။ တချို့စက်ရုံတွေက ပုဂ္ဂလိကလက်ထဲ ရောက်ချိန်မှာ မြေနဲ့ အဆောက်အအုံပဲ ပါတော့တယ်။ စက်ပစ္စည်းတွေက ပါမလာတော့ဘူး။

အဲဒီလိုပါပဲ၊ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် ရုပ်ရှင်ရုံ တွေ အများစုက ပုဂ္ဂလိက လက်ထဲကို ရောက်ချသွားပါ တော့တယ်။ မန္တလေးမြို့မှာ လက်ရှိ ရုံတင်ပြသနေတဲ့ရုံက စုစုပေါင်း ၃ ရုံသာရှိတယ်။ ပြီးခဲ့တဲ့ ၂ လလောက်က ရုံတရုံ ထပ်မံဖွင့်လှစ်နိုင်ခဲ့လို့သာ ၃ ရုံ ဖြစ်လာတာပါ။ စစ်ကိုင်းမြို့သူ မြို့သားတွေဆို ရုပ်ရှင်မကြည့်ကြရတာ ကြာလှပေါ့။

တကယ်တော့ သပ်ရှင်းသပ်ရပ်တဲ့ ရုပ်ရှင်ရုံတွေ မြို့လူထုအတွက် လိုအပ်ပါတယ်။ နိုင်ငံအသီးသီးမှာ မြို့နေလူထု စိတ်လက်အပန်းဖြေစေ နိုင်ဖို့ မြို့လယ်ကောင်မှာ ရုပ်ရှင်ရုံတွေ ထားကြရစမြဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က မြန်မာ့နည်း မြန်မာ့ဟန် ဆိုတာကြီး ဖော်ဆောင်နေချိန်မှာ တောင် မန္တလေးမြို့မှာ ရုပ်ရှင် ရုံ ၈ ရုံအထိ ရှိခဲ့တာပါ။ အခုတော့ မြို့လူထု အတွက် ကာလရှည်ကြာ စိတ်လက်အပန်းဖြေပေးခဲ့တဲ့ ရုပ်ရှင် ရုံတွေသည်ပင် မျက်စိရှေ့မှာပင် ဟောတရုံ ဟောတရုံ ပျောက်ကွယ် သွားပါပကော။

ရုပ်ရှင်ရုံတွေရဲ့ ကနဦးအစဟာ ပုဂ္ဂလိကပိုင် တွေပါ။ တော်လှန်ရေး ကောင်စီ တက်လာပြီး မရှေးမနှောင်းမှာပဲ ပြည်သူပိုင် အသိမ်းခံလိုက် ရပြီး အစိုးရပိုင် ဖြစ်သွားကြတယ်။ သမိုင်းဘီး တပတ် ပြန်လည်တယ် ဆိုရမလားပဲ။ အခု လက်ရှိမှာတော့ ရုပ်ရှင်ရုံတချို့က ပုဂ္ဂလိကပိုင်ပြန် ဖြစ်သွားရ ပြန်တယ်။ ကျနော်တို့တွေ စီးပွားရေးနဲ့ ပတ်သက်ရင် အဆင့် အတန်းမီမီ မလုပ်တတ်ဘူးဆိုတာ ရုပ်ရှင်ရုံတွေက အကောင်းဆုံး သက်သေပါပဲ။

မြေနေရာက အရန်သင့် ရှိပြီးသား၊ စက်ရုံကလည်း လည်ပတ်နေတဲ့ စက်ရုံ၊ ဖောက်သည်တွေ ကလည်း ရေကန်အသင့် ကြာအသင့်၊ ငွေကြေး လည်း တပြားမှ ရင်းနှီးမြှုပ်နှံစရာ မလိုဘူး။ ဒီလို အခြေအနေမျိုး ရှိတာတောင် ဈေးကွက်ဝေစု တိုးတက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ရှိရင်းစွဲ အခြေအနေကနေ ယုတ်လျော့ရုံတင် မကဘူး။ အိုးရောင်း ခွက်ရောင်း ရောင်းချခဲ့ကြရ တဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်။

အစိုးရရဲ့ စက်ရုံအလုပ်ရုံတွေ ဝန်ဆောင်မှုလုပ်ငန်းတွေ ပုဂ္ဂလိက လက်ထဲ ထိုးအပ်လိုက်တာကို ကြည့်ပြီး အဆင့်မြင့် ပညာဦးစီးဌာနက အရာထမ်းတဦးက ယခုလို မှတ်ချက်ချတယ်။ “ရှိတာ ခွာရောင်းတယ် ဆိုတာ စီးပွားရေးမှ မဟုတ် တာ။ အဲဒါက မုဆိုးမ စီးပွားရှာနည်းပဲ” တဲ့။ လက်ရှိ စက်မှုဝန်ကြီးဌာန အောက်မှာ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံပေါင်း ၅၄ ရုံ ရှိနေပြီး စက်ရုံကြီးတွေ အများစုက အရှုံးပေါ်နေဆဲ ဖြစ်တယ်။ လာမယ့် ဘဏ္ဍာရေးနှစ်အထိလည်း ဆက်လက် အရှုံးပေါ်ဖို့ အလား အလာ ရှိနေသေးကြောင်း အမြဲတမ်းအတွင်းဝန် ဦးသွင်မြင့်မောင်က ဝန်ခံထားတယ်။

အဲဒီစက်ရုံတွေထဲမှာ ကုန်ထုတ်စွမ်းအား အပြည့် လည်ပတ်နေတဲ့ စက်ရုံက အများကြီး မရှိဘူး။ တချို့စက်ရုံတွေက လွန်ခဲ့တဲ့ ၄၊ ၅၊ ၆ နှစ်ကမှ ဖွင့်ပွဲလုပ်ခဲ့တဲ့ စက်ရုံတွေ ပါနေတယ်။ အစိုးရအာဘော် သတင်းစာတွေမှာ စက်ရုံဖွင့်ပွဲ သတင်းတွေ မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ကြတယ်။ ဒီစက်ရုံတွေက ထွက်တဲ့ ကုန်ပစ္စည်းတွေက ပြည်ပသွင်းကုန် အစားထိုးနိုင်ရုံမက နိုင်ငံခြားငွေတွေ ချွေတာနိုင်မှာ ဖြစ်တယ် ဆိုပြီး “အဘကြိုက်သတင်း” တွေ ဖော်ပြခဲ့ကြတယ်။ အဘတွေ ကလည်း လက်အောက်ငယ်သားတွေ ဖြီးသမျှ ဖျန်းသမျှ ယုံကြည်ပေးခဲ့ကြတယ်။

“စက်မှုစွမ်းအား ပြည်ထွန်းကား” ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ စက်ရုံမှူးတွေ၊ ညွှန်မှူးတွေ၊ ညွှန်ချုပ်တွေ ထွန်းကားသွား တာကတော့ အမှန်ပါပဲ။ စက်ရုံတွေကတော့ ကုန်ကြမ်းအခက်အခဲ၊ ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ နည်းပညာ အလှမ်းကွာမှု၊ ဈေးကွက်ရဲ့ ဝယ်လိုအား စတဲ့ မြောက်မြားစွာတဲ့ ခေါင်းစဉ်တွေ အောက်မှာ ပင့်ကူအိမ် မဖွဲ့နိုင်အောင် မနည်းကျားကန် နေကြရတယ်။

မဝေးလှတော့တဲ့ အနာဂတ်မှာ AFTA ရောက်လာတော့မှာပါ။ ကိုယ်ပိုင်အမှတ်တံဆိပ် Made in Myanmar ရယ်လို့ ဂုဏ်သိက္ခာရှိရှိ ကုန်ထုတ်လုပ်မှု မလုပ်နိုင်ဘဲ ဟိုဘက်က ပစ္စည်း ဒီဘက် ယူရောင်းရုံနဲ့တော့ ဈေးကွက်မှာ ရေရှည် ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။

“သူများ ပစ္စည်း ယူရောင်းတယ် ဆိုတာ စီးပွားရေး (Business) မဟုတ်ဘူး။ ကုန်သွယ် (Trade) တဲ့ အဆင့်ပဲ ရှိတယ်။ ရေရှည် ရပ်တည်ချင်တယ် ဆိုရင် ကိုယ်ပိုင် Brand နဲ့ စီးပွားရေးသမား (Business man) ဖြစ်အောင်လုပ်ဖို့ လိုတယ်” လို့ ဈေးကွက်နဲ့ စီမံခန့်ခွဲရေး ဘာသာရပ်တွေ ပို့ချနေတဲ့ ဦးစိုးမြင့်သန်းက ပြောပါတယ်။

ကား တင်သွင်းခွင့်တွေ ကန့်သတ်ထားစဉ်က စက်မှုဇုန်မှာ တပ်ဆင်တဲ့ကားတွေ ဇုန်ထုတ်ကား အဖြစ် ပြည်တွင်း ကားဈေးကွက်မှာ နေရာရခဲ့ဖူးတယ်။ ပြည်တွင်းဖြစ် အစိတ်အပိုင်း တချို့ အနည်းငယ် တပ်ဆင်ပြီး ဂျပန်နိုင်ငံထုတ် ကားတွေမှာ နာမည်မျိုးစုံပေးကာ လုပ်ငန်းရှင်တွေက ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အစိုးရကလည်း တရားဝင် လိုင်စင်တွေ ထုတ်ပေးခဲ့တယ်။ စက်မှုဇုန်ထုတ် ဂျစ်ကားတွေဟာ ပြည်ပနိုင်ငံတွေ တင်ပို့ရလောက်အောင် အထိ အဆင့် မမီခဲ့ပေမယ့် ပြည်တွင်းဈေးကွက်မှာ ကျပ်သိန်း ၁၀ဝ (ဒေါ်လာ ၁၀ဝ၀ဝ) ကျော်တဲ့ အထိ ရောင်းပန်းဝယ်ပန်း လှခဲ့ကြတယ်။

စက်မှုလုပ်ငန်းရှင် တယောက်ကတော့ “ကိုယ့် ပြည်တွင်းမှာ အချင်းချင်း ရောင်းနေကြတာ ပါဗျာ။ အပြင် (ပြည်ပ) ထွက်ပြီး ရောင်းနိုင်တဲ့ အရည်အချင်း မရှိပါဘူး။ သူများဆီ ထွက်ရောင်းနိုင်မှ စီးပွားရေးသမားကောင်း ဖြစ်တော့မှာပေါ့” လို့ သူ့အယူအဆကို ပြောပါတယ်။

သန်းနိုင်ဦး - ဧရာဝတီ

မှတ်ချက်များ