လောဘဇောတိုက်နေသည့် မကောင်းဆိုးဝါးများ


ဖိလစ်ပိုင်နိုင်ငံ ရီဇော်သူရဲကောင်း အဖွဲ့က ဖေ့စ်ဘွတ်ခ်မှာ ရေးသားဖြန့်ဝေနေတဲ့ စာသားက လန့်စရာကောင်းလိုက်တာ မ ကောင်းဆိုးဝါးတောင် ရိုးရိုးမ ဟုတ်ဘူး။ လောဘဇောတိုက်နေ တဲ့ မကောင်းဆိုးဝါး။ တိုတောင်း လှတဲ့ ဘ၀တစ်ခု အတွက်သာ စဉ်းစားစီစဉ်နေကြသူများ သံသရာ အရေးကိုတွေးပြီး ကြောက်သင့်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အခု လက်ရှိဖြစ်နေတဲ့ သမိုင်းဝင်အထင်ကရနေရာတွေရဲ့ ရှုခင်းပြ ဿနာ။

ကျွန်မတို့နိုင်ငံ အင်္ဂလိပ်နယ် ချဲ့လက်အောက်ရောက်ခဲ့ရသလို ဖိလစ်ပိုင်နိုင်ငံလည်း စပိန်ကိုလိုနီ ဘ၀ရောက်ခဲ့ရပါတယ်။ ကိုလိုနီ ကျွန်ပြုခံရတဲ့နိုင်ငံတိုင်းမှာ သူ့ ကျွန်မခံလိုတဲ့ မျိုးချစ်တော်လှန် ရေးခေါင်းဆောင်တွေ ထွက်ပေါ် လာစမြဲပါ။ ‘‘ဟိုဆေးရီဇော်’’ဆို တာ စပိန်ကိုလိုနီနယ်ချဲ့ကို ဆန့် ကျင်ခဲ့တဲ့ ဖိလစ်ပိုင်သူရဲကောင်း။ ၁၈၉၆ ခုနှစ်စပိန်လက်မရွံ့တပ်ဖွဲ့ ရဲ့ ကွပ်မျက်မှုကို ခံခဲ့ရပြီး ကျဆုံး ခဲ့တယ်။ အဲဒီနေရာမှာပဲ အထိမ်း အမှတ်ကျောက်တိုင်နဲ့ ဟိုဆေးရီ ဇော်ရုပ်တုကို အမှတ်တရ စိုက်ထူ ထားကြတယ်။

ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ် ရေးကျောက်တိုင်လို၊ ဦးဝိစာရ အ ထိမ်းအမှတ်ကျောက်တိုင်လို၊ ဗိုလ် ချုပ်အောင်ဆန်းကြေးရုပ်လိုသူတို့ လည်း နောင်လာနောက်သားတွေ အတုယူဖို့၊ စံနမူနာပေးဖို့ အထိမ်း အမှတ်အဖြစ် တန်ဖိုးထားကြတာ ပေါ့။ ဖိလစ်ပိုင်နိုင်ငံအမျိုးသား ယဉ်ကျေးမှု ကော်မရှင် ဥက္ကဋ္ဌရီရှယ်အင်ဂျလာက ‘‘ရီဇော်က ကျွန်တော်တို့နိုင်ငံရဲ့ အထင်ရှားဆုံး သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးပါ။ သူ့မှာကိုယ်ပိုင်ရှုခင်း ပိုင်ဆိုင်ရပါမယ်။ ကျွန်တော်တို့က အရေးကြီးတယ်လို့ စဉ်းစားရင် သူကဒီရှုခင်းကို လွှမ်းမိုးထားရပါမယ်။ ရီဇော်ဟာ ဖိလစ်ပိုင်ရဲ့ သင်္ကေတပါ’’

ပြဿနာက တိုးတက်လာတဲ့ စီးပွားရေးနဲ့ အပြိုင်တိုးပွားလာတဲ့ လူဦးရေ၊ မြေကွက်တစ်ကွက်၊အိမ် တစ်အိမ်၊ မိသားစုတစ်စုနဲ့ မ လောက်ငတော့တဲ့အတွက် မြေ ကွက်တစ်ကွက် မြင့်လို့ရသရွေ့ ဆောက်မယ့် အထပ်တွေနဲ့တိုက်။ အနည်းဆုံးမိသားစု ၅၀ လောက် နေလို့ရမယ့် တိုက်ခန်းစနစ်တွေ ဖန်တီးကြရတော့တယ်။ သာမန် လှေကားနဲ့ အတက်အဆင်းလုပ်လို့ရတဲ့ ငါးထပ်၊ခြောက်ထပ်လောက် က ပြဿနာမရှိပေမယ့် အထပ် ၂၀၊ ၃၀ ကွန်ဒိုမီနီယမ်တိုက်အမြင့် တွေကတော့ ပတ်ဝန်းကျင်အ တွက် စိတ်အနှောင့်အယှက်ဖြစ် စေပါတော့တယ်။ အခုလတ်တ လော မှာကို ဖိလစ်ပိုင်သူရဲကောင်း ဟိုဆေးရီဇော်ရုပ်တုကို အထပ် (၄၉) ထပ် ကွန်ဒိုမီနီယမ် Torre de Manila စီမံကိန်းကမြင်ကွင်း ကွယ်စေတဲ့အတွက် တာဝန်ယူ ဆောက်လုပ်နေတဲ့ DMCIဆောက် လုပ်ရေးလုပ်ငန်းကို အဆိုပါကွန် ဒိုမီနီယမ်စီမံကိန်းကို ရပ်တန့်ဖို့ ဖိလစ်ပိုင်တရားရုံးက အမိန့်ပေး လိုက်ပါပြီ။ ဖိလစ်ပိုင်လူငယ်တွေ ပေးထားတဲ့ နာမည်က လောဘ ဇောတိုက်နေတဲ့ မကောင်းဆိုးဝါး တွေတဲ့။

အာဆီယံနိုင်ငံချင်းမို့ စိတ် ၀င်စားမိသလို ဒဂုံစီးတီးစီမံကိန်း နဲ့ ထူးဆန်းစွာလာတိုက်ဆိုင်နေတဲ့ အတွက်လည်း အဲဒီသတင်းကို ပို သတိထားမိပါတယ်။ ကျွန်မတို့ ရန်ကုန်မြို့ပေါ်က ဦးဝိစာရ ကျောက်တိုင်၊ လွတ်လပ်ရေး ကျောက်တိုင်၊ ဗိုလ်ချုပ်အောင် ဆန်းကြေးရုပ်တို့ကတော့ အဝေး က မမြင်ရတော့လောက်အောင် တိုက်အမြင့်တွေက လက်လွန်ခြေ လွန်ဖြစ်သွားခဲ့ပါပြီ။ အခုအားလုံး ရင်ပူနေရတာက ရွှေတိဂုံစေတီ တော်ကြီးရဲ့ နောင်ရေး။ ကမ္ဘာ ပေါ်က ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ အထွတ်အမြတ်၊ မြန်မာနိုင်ငံသား တွေရဲ့ အသည်းနှလုံးမြတ်ဘုရား ရွှေတိဂုံ။ ရန်ကုန်မြို့လယ်က ဆူး လေ စေတီတော်ကြီးက မြေပြင် ညီနဲ့ သိပ်မကွာတဲ့ အမြင့်မှာတည် ထားတာမို့ မလွှဲမရှောင်သာလွန်း လို့ မြင်ကွင်းကွယ်သွားရတယ်လို့ ဆင်ခြေပေးနိုင်ပေမယ့် ရွှေတိဂုံ စေတီတော်ကြီးက သိဂုင်္တ္တရကုန်းမြေပေါ်မှာ သီးသန့်တည်ထားတာပါ။

ရန်ကုန်မြို့ကို အရပ်လေး မျက်နှာ ကုန်းကြောင်း၊ရေကြောင်း၊ လေကြောင်းကြိုက်တဲ့လမ်းက၀င် အဝေးကနေ သပ္ပာယ်စွာ အရင်ဦး ဆုံးဖူးမြင်ရတာက ရွှေတိဂုံစေတီ တော်ကြီးပါ။ နေရောင်အောက် မှာ ရွှေရောင်တောက်ပစွာ၊ ညအ ခါ မီးရောင်များနဲ့ တင့်တယ်စွာ သပ္ပာယ်နေတဲ့ စေတီတော်ကြီးကို ဘယ်အရပ်ကမှ အထပ်မြင့်တွေနဲ့ ကာမပစ်လိုက်ကြပါနဲ့လို့ တောင်း ပန်ပါရစေ။

တကယ်တော့ အထပ်မြင့် အိမ်ရာစီမံကိန်းဆိုတာ မြေဧရိ ယာ ကျဉ်းတဲ့နိုင်ငံတွေအတွက် သာလိုတာပါ။ ဥပမာစင်ကာပူ၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ)၊ မကာအို အဲဒီလိုဒေသမျိုးတွေကတော့ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုး လာသလို တိုးပွားလာတဲ့လူဦးရေ အတွက် နေစရာအိမ်ဆိုတာအ ထပ်မြင့်တိုက်ခန်းကလွဲလို့ ရွေးစ ရာမရှိပါဘူး။ ကျွန်မတို့ နိုင်ငံအ တွက်တော့ အလွန်အကျွံလိုအပ် နေတာမဟုတ်ပါဘူး။

အရှေ့တောင်အာရှမှာ အင် ဒိုနီးရှားပြီးရင် မြန်မာဟာအကျယ် ဆုံးတိုင်းပြည်ပါ။ ဒါတောင်အင်ဒို နီးရှားက သောင်းချီရှိနေတဲ့ ပင် လယ်ထဲက ကျွန်းတွေကို စုပေါင်း ထားလို့၊ ကုန်းမြေတစ်ဆက်တည်း အကျယ်ဆုံးက မြန်မာနိုင်ငံ။ အဲဒီ မြေကြီးတွေထဲမှာ စိုက်ပျိုးစားလို့ မရတဲ့ မြေလွတ်မြေရိုင်းတွေ နိုင် ငံအနှံ့တစ်ပုံတစ်ခေါင်း၊ လယ်သ မားတွေနဲ့ စိတ်ဝမ်းကွဲစရာမလိုဘဲ အိမ်ရာစီမံကိန်းတွေ ဆောက်ပစ် လို့ရနိုင်ပါလျက် ဘာကိစ္စများတိုက်ခန်းတွဲတွေကိုမှ အသည်းအသန် ဆောက်ချင်နေကြပါသလဲ။

ကျွန်မ အင်ဂျင်နီယာတစ် ယောက်မဟုတ်ပေမယ့် ဘူမိဗေဒ ပညာရှင်တွေ၊ ကွန်ဒိုဆောက်တဲ့ အင်ဂျင်နီယာတွေ၊ မြေအောက် ရေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အဆိုက ဒီစီမံ ကိန်းဟာ ရွှေတိဂုံစေတီတော်ကြီး ရဲ့ ရေရှည်တည်တံ့မှုကို ခြိမ်း ခြောက်နေတဲ့အတွက် ဆက်မ ဆောက်ဖို့ ပြောနေကြပြီ။ အန္တ ရာယ်ရှိရင် ရပ်လိုက်ပေါ့။ ရန်ကုန် တိုင်းလွှတ်တော်ထဲက အမတ် ဒေါ်ညိုညိုသင်း ပြောသလိုပဲ တစ် ခုခုဖြစ်ခဲ့ရင် တာဝန်ခံသူတစ်ဆွေလုံးတစ်မျိုးလုံး ကြိုးစင်တက် မလားလို့မေးချင်ပါတယ်။

ကျွန်မလိုကတော့ အသက်နဲ့ လောင်းကြေးထပ်လည်း ခွင့်မပြု ဘူ။ သူကသေသွားရုံပဲရှိမှာ စေ တီတော်ကြီးထိခိုက်သွားရင် တစ် မျိုးသားလုံးကို သတ်လိုက်သလို၊ သမိုင်းကို သတ်လိုက်သလိုဖြစ် မှာ။ ရွှေတိဂုံစေတီတော်သမိုင်း ဟာ မြန်မာ့သမိုင်းပါပဲ။

ကျွန်မတို့ ဖတ်ခဲ့ဖူးတဲ့ စာ တွေထဲမှာမြောက်ဘက်မုခ်ကသွေး ဆေးကန်ဆိုတာ ရွှေတိဂုံကုန်း တော်ပေါ်မှာ တပ်စွဲထားတဲ့ အင်္ဂ လိပ်နယ်ချဲ့တပ်ကို စစ်သူကြီးမ ဟာဗန္ဓုလရဲ့ ရဲမက်တွေက ဓားနဲ့ တက်ခုတ်တာ။အဲဒီမှာခုတ်ရလွန်း ရန်သူ့သွေးတွေကြောင့် လက်နဲ့ ဓားပူးကပ်နေလို့ သွေးတွေဆင်း ဆေးတဲ့ကန်မို့ သွေးဆေးကန်လို့ ခေါ်တာတဲ့။

အောက်မြန်မာပြည်ကို နယ် ချဲ့တွေ သိမ်းပိုက်ထားတာ မန္တ လေး နေပြည်တော်က မင်းတုန်း မင်းတရားကြီးလှူဒါန်းတဲ့ ထီး တော်ကြီးကို ရွှေတိဂုံစေတီတော် မှာ တင်လှူကြမယ်။ ကိုယ့်ဘုရင် ကပေးပို့လှူဒါန်းတဲ့ ထီးတော်အ သစ်ကြီးကို သင်္ဘောဆိပ်မှာ စည် ကားသိုက်မြိုက်စွာကြိုဆိုကြမယ်။ သင်္ဘောဆိပ်ကနေရွှေတိဂုံရင်ပြင် တော်အထိ ပင့်ဆောင်သွားမယ်လမ်းမတော်ကြီးကို ရွေးကြတယ်။ လမ်းမတော်လမ်းဆိုတာ အဲဒီလို ပေါ်ပေါက်လာခဲ့တာ။ မင်းတုန်း မင်းတရားကြီးရဲ့ ကောင်းမှုတော် ရွှေတိဂုံစေတီတော်ကြီးရဲ့ ထီး တော်အသစ်ကြီးပင့်ဆောင်ရာ လမ်းမတော်လို့ ခေါ်ဝေါ်သမုတ် ရာက အမည်တွင်ခဲ့တဲ့လမ်း။

ဒီထက်ပိုပြီး ဂုဏ်ယူစရာ၊ ဇာတိမာန်နိုးကြားရာ သမိုင်းတွေ ရွှေတိဂုံစေတီကြီးမှာ အများကြီးရှိသေးတယ်။ နိုင်ငံ့သမိုင်းမှာ အထင်ကရဖြစ်သလို ဘာသာသမိုင်းမှာလည်း ကြည်ညိုစရာအပြည့်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကတည်းက ဗျာဒိတ်ပေးခဲ့တဲ့အရပ်။ မြတ်စွာဘုရားရှင်စွန့်တော်မူတဲ့ ဆံတော်တွေနဲ့အတူ ရှေးဘုရားသုံးဆူဖြစ်တဲ့ ကကုသန်မြတ်စွာဘုရားရဲ့ တောင်ဝှေးတော်၊ကောဏာဂုံ မြတ်စွာဘုရားရှင်ရဲ့ သင်္ကန်းတော်၊ ကဿပမြတ်စွာဘုရားရှင်ရဲ့ ရေစစ်တော်။

အဲဒီလို ဘုရားရှင်လေးဆူရဲ့ ဓာတ်တော်မွေတော်တွေကို ဌာပ နာပြီးတည်ထားတဲ့အတွက် လေး ဆူဓာတ်ပုံရွှေတိဂုံလို့ ထင်ရှား ကျော်ကြားတဲ့ ကမ္ဘာပေါ်ကတစ် ဆူတည်းသောဘုရား။ ဘုရားကြီး ရေရှည်တည်တံ့ဖို့အလှူငွေမ ထည့်ရင်နေကြပါ။ စေတီတော် ကြီးရဲ့ မူလအသွင်သဏ္ဌာန်ကို ထိခိုက်နိုင်တဲ့ ဘယ်ကိစ္စမျိုးကိုမ ဆို ကိုယ်တိုင်လည်း မကျူးလွန် ကြပါနဲ့။ သူများကျူးလွန်မှာကို လည်းအားမပေးပါနဲ့။ ကျူးလွန် နေတာမြင်ရင်လည်း တားပေးကြ ပါ။

ဘာမှမဖြစ်ပါဘူးဆိုတာက အခု၊ ဖြစ်မှာကဆောက်ပြီးနောင် အနှစ် ၃၀လောက်မှာဖြစ်မှာ။အဲဒီ အချိန်ဆို ကန်ထရိုက်လည်းမရှိ နိုင်တော့ဘူး။ ဆောက်ခွင့်ပြုသူ တွေလည်း သေကုန်လောက်ပြီ။ ကျွန်မတို့လည်းသေပြီ။ အဲဒီအချိန် ရောက်မှ စေတီတော်ကြီးပြိုခဲ့ရင်၊ မြေတွေနိမ့်ဝင်ခဲ့ရင်၊ တစ်ခြမ်း စောင်းသွားရင် နှောင်းလူတွေ အ ပြစ်ပြောမယ့် တရားခံစာရင်းထဲ ကျွန်မတို့ အပါမခံနိုင်ပါဘူး။ ဒါ ကြောင့် တားတယ်။

လူတစ်ရစ် နတ်တစ်ရစ် တည်ထားကိုးကွယ်တဲ့ စေတီကြီး မို့ နတ်တွေ၊ သကြားတွေစောင့် ရှောက်ပါလိမ့်မယ်ဆိုတာထက် လူတွေက စောင့်ရှောက်တာ ပို ကောင်းပါတယ်။ အထူးသဖြင့် လုပ်ပိုင်ခွင့်အာဏာလက်ကိုင်ရှိ သူတွေအနေနဲ့ စောင့်ရှောက်နိုင် စွမ်းပိုမြင့်မားတယ်ဆိုတာ ငြင်းစ ရာမရှိပါဘူး။ဘုရင်မကြီးရှင်စောပု နတ် ရွာစံသည်အထိ ဖူးမြော်အာရုံပြု သွားခဲ့တဲ့ စေတီတော်ကြီးပါ။ သီ ပေါဘုရင်နဲ့ မိဖုရားအိန္ဒိယကို ပါ တော်မူတော့ ရွှေတိဂုံစေတီကို ဖူး မြော်ပါရစေခွင့်ပန်ပေမယ့် နယ် ချဲ့ကခွင့်မပြုလို့ ရန်ကုန်မြစ်ထဲက နေ ဖူးမြော်သွားရတဲ့ စေတီတော် ကြီး။ ငယ်ငယ်ကလေးတည်းက ကြည်ညိုလွန်းလို့ ကိုရင်ဘ၀နဲ့ ဖူးခဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီးကို ဖူးချင်လိုက်တာ။ လာဖူးခွင့်ပေးပါ မသေခင်ဖူးပါရစေလို့ သမ္မတကြီး ဦးသိန်းစိန်ကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောက တရုတ် ပြည်ကနေ ခွင့်တောင်းခဲ့ဖူးတယ်။ သမ္မတကြီးကလည်း ခွင့်ပြုတယ်။ ဒါပေမဲ့ တရုတ်ပြည်မှာ ဘ၀ကူး သွားလို့ ရွှေတိဂုံစေတီကို ဖူးမ သွားရရှာဘူး။ တကယ်သနားစ ရာကောင်းမိပါတယ်။

အဲဒီလို မြန်မာ့နှလုံးသားထဲ ကရွှေတိဂုံစေတီကြီးရဲ့ နောင်ရေး ကိုမစဉ်းစားဘဲ စစ်တပ်ပိုင်တဲ့မြေ၊ စည်ပင်ကို ခွင့်တောင်းစရာမလို ဘူး၊ ပြည်သူ့ဆန္ဒအရေးလုပ်စရာ မလိုဘူး၊ ဥပဒေရဲ့ အထက်မှာငါ တို့ရှိတယ်ဆိုတဲ့ ‘ငတေ’စိတ်ဓာတ် တွေနဲ့ ဖြစ်အောင်လုပ်မယ်၊ ဆက် လုပ်မယ်ဆိုရင်တော့ တစ်ခုပဲရှိပါ တယ်။ မျိုးဆက်သစ်တွေလက် ထက်မှာ အသစ်ရေးမယ့် မြန်မာ့ သမိုင်းစာမျက်နှာထက်က လော ဘဇောတိုက်နေသော မကောင်း ဆိုးဝါးများခေါင်းစဉ်အောက်မှာ လူနာမည်စာရင်း၊ အဲဒီအချိန်က တာဝန်၊ သူပြောခဲ့တဲ့ တာဝန်မယ့် စကားတွေ အတိအကျ ကမ္ပည်း ထိုးမှတ်တမ်းတင်ပါမယ်ဆိုတာ အသိပေးထားလိုက်ရပါတယ်။

ကိုးကား- ဆရာမောင်ဆုရှင်က ရွှေတိဂုံ စေတီတော်သမိုင်း

ဂျေလှသင် - 7day daily

မှတ်ချက်များ