![]() |
| နံရံဆေးရေးပန်းချီ ဟုတ်၊မဟုတ် ကွင်းဆင်းစစ်ဆေးစဉ် ဓာတ်ပုံ- Ministry Of Culture |
ရွာငံမြို့နယ် ပြဒါးလင်းဂူ၏ အရှေ့မြောက်ဘက် (၂)မိုင်ခန့် အကွာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၁,၇၀၀ ခန့် တွင်တည်ရှိသည့် ကျောက်နံရံ တစ်ခု၌ နံရံဆေးရေးပန်းချီဟု ယူဆရသောပုံများကိုဇွန်လ ၁ ရက် က ထပ်မံတွေ့ရှိခဲ့သည်။ ရွာငံမြို့ ဓနုစာပေနှင့်ယဉ်ကျေးမှုအသင်း အလုပ်အမှုဆောင် ဦးမောင်ကျော်၏ သတင်းပေးပို့မှုနှင့်အတူ လူမှု ကွန်ရက်စာမျက်နှာများတွင် ကျောက်ခေတ်လက်ရာပန်းချီများ တွေ့ရှိရသည်ဟူသော သတင်း တို့ကို အတည်ပြုနိုင်ရန် ယဉ် ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများကဇွန်လ ၁၇ ရက်၌ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးပြီးနောက် ထပ်မံ တွေ့ရှိသော တိရစ္ဆာန်ရုပ်ပုံမှာ ကျောက်ခေတ်လက်ရာနံရံဆေး ရေးပန်းချီမဟုတ်ဘဲ ထုံးကျောက် အက်ကွဲကြောင်းများအတွင်း မိုး ရေစီးဝင်ရာမှ တိရစ္ဆာန်ပုံသဏ္ဌာန် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာန ခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြော သည်။
‘‘ကျောက်ခေတ်လက်ရာ ပန်းချီမဟုတ်ပါဘူး။ ထုံးကျောက် သား အက်ကွဲကြောင်းလေးတွေ မှာ ရေစီးဝင်ရာကနေ တိရစ္ဆာန်ပုံ ဖြစ်ပေါ်နေတာပါ။ ကျောက်နံရံ အက်ကြောင်းတွေအပေါ် ရေစီး ကျပျံ့နှံ့ပြီး အရောင်စွန်းထင်းနေ တယ်။ ထုံးကျောက်အက်ကွဲလွှာ တွေ ကွာကျသွားတဲ့အခါကျတော့ တိရစ္ဆာန်ပုံကဲ့သို့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက် ခေတ်နံရံပန်းချီရုပ်ပုံမဟုတ်ဘဲ သဘာဝအလျောက် တိရစ္ဆာန်ပုံ ဖြစ်ပေါ်နေတာပါ’’ဟု ၎င်းက ပြောသည်။
ထပ်မံတွေ့ရှိသည့် နံရံပန်း ချီတွင် သတ္တဝါ၏ခြေချောင်း၊ လက်ချောင်းအရွယ်များဟု ယူဆ ရသော အရာများမှာ ခန္ဓာကိုယ်မှ ဆက်ဆွဲထားခြင်းမဟုတ်ဘဲ ခန္ဓာ ကိုယ်ပေါ်မှ ကန့်လန့်ဖြတ်မျဉ်း များအတိုင်း တည်ရှိနေခြင်းနှင့် ကျောက်နံရံရှေ့ရှိ မျက်နှာပြင် အနေအထားမှာ မြင့်မားမတ် စောက်ပြီး လူသားများနေထိုင်ရန် ခက်ခဲနိုင်ခြင်းတို့ကြောင့် နံရံဆေး ရေးပန်းချီမဖြစ်နိုင်ကြောင်း ယဉ် ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူ များကပြောသည်။
သို့သော် ပြီးခဲ့သည့် မေလ ကုန်ပိုင်းက ရွာငံမြို့နယ် ကမ်းပါး နီကျေးရွာ၏မြောက်ဘက် ၃ မိုင် ခန့်အကွာ ပဲဒွေးတောင်ပေါ်ရှိ ဒေသအခေါ် မြခနောက်(ခ) မြခ နောက်ကျောက်မိုးပြင်တွင် တွေ့ ရှိခဲ့သည့် နံရံဆေးရေးပန်းချီများ ကိုမူ ယဉ်ကျေးမှုဝန်ကြီးဌာနက ကျောက်ခေတ်လက်ရာ နံရံဆေး ရေးပန်းချီများအဖြစ် အတည်ပြု သတ်မှတ်ထားပြီး လက်ရှိတွင် ယင်းကျောက်ခေတ်လက်ရာများကိုထိန်းသိမ်းရေးလုပ်ဆောင်ရန်စီစဉ်နေကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ကျောက်ခေတ်လက်ရာများ ဖြစ်သည့် ကမ်းပါးနီ နံရံဆေးရေး ပန်းချီနှင့် ပြဒါးလင်းဂူ နံရံဆေး ရေးပန်းချီတို့မှာ ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းရေးနယ်မြေတစ် ခုဖြစ်လာနိုင်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဇွန်လ ၁၅ ရက် က မန္တလေးမြို့ အမျိုးသားက ဇာတ်ရုံတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
မောင်တာ - 7day daily

မှတ်ချက်များ