ဂျင်းဘောင်းဘီ ကိုယ်ကျပ်ဝတ်ရင် ကျန်းမာရေးထိခိုက်

ဂျင်းဘောင်းဘီ ကိုယ်ကျပ်ဝတ်ရင် ကြွက်သားနဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ကိုယ်ကျပ် ဂျင်းဘောင်းဘီဝတ်တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦးဟာ သူ့ရဲ့ ခြေသလုံးတွေ မို့ဖောင်း ရောင်အန်းလာလို့ ဘောင်းဘီကို ဖြတ်ထုတ်ခဲ့ရတယ်လို့ အာရုံကြောဆိုင်ရာ ဆေးဂျာနယ်တခုမှာ ရေးသားထားပါတယ်။

အဲဒီအမျိုးသမီးဟာ သြစတေးလျမှာ အိမ်ပြောင်းဖို့ ဘီဒိုတွေကို နာရီအတော်ကြာ ထိုင်လိုက်ထလိုက် ရှင်းပြီးတဲ့နောက်ပိုင်း သူရဲ့ ခြေထောက်တွေ ထုံကျင်လာပြီး လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါဟာ ခြေသလုံး ကြွက်သားတွေအပေါ်တင်းကြပ်တဲ့ ဖိအားကြောင့် ဖြစ်လာတဲ့ ရောဂါ လက္ခဏာဖြစ်ပြီး ဘောင်းဘီ ကြပ်ကြပ်ဝတ်ထားတာကလည်း အခြေအနေကို ပိုဆိုးစေတာလို့ ဆရာဝန်တွေက ဆိုပါတယ်။

ဒီရောဂါလက္ခဏာဟာ ခန္ဓာကိုယ် ကြွက်သားစုတွေအတွင်း သွေးထွက်လို့ဖြစ်ဖြစ် ယောင်ရမ်းလာလို့ဖြစ်ဖြစ် ခံစားရတဲ့ နာကျင်မှု ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ Royal Adelaide Hospital မှာ စမ်းသပ်မှုခံယူတဲ့အခါ ရောင်အန်းနေတဲ့ သူ့ရဲ့ခြေထောက်တွေဟာ ကြွက်သားနဲ့ အာရုံခံစားမှု အားနည်းနေတဲ့အတွက် ၄ ရက်ကြာ ဆေးကုသလိုက်ရတယ်လို့ ဆိုပါတယ်။

BBC Burmese

မှတ်ချက်များ