အင်ဒိုနီးရှား နိုင်ငံမှာ စီနာဘန်း မီးတောင်ပေါက်ကွဲမှု ဖြစ်ပြီးနောက် နယ်ခံတွေကို ဘေးလွှတ်ရာ ကယ်ထုတ်တာတွေကို ဆက်လုပ်နေရပါတယ်။ မီးတောင်ဝကနေ ပြာပူတွေ ဆက်ထွက်နေတာကြောင့် အမြင့်ဆုံး သတိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။
မီးတောင်ကို စောင့်ကြည့်နေတဲ့ သုတေသီတယောက်ဖြစ်တဲ့ အာမန် ပူထရာက မီးတောင်ရဲ့ လှုပ်ရှားမှု အခြေအနေဟာ အန္တရာယ်ရှိနေသေးတယ်လို့ ပြောပါတယ်။ ဒါကြောင့် အနီးအနား ကျေးရွာ ၆ ရွာနေ ပြည်သူတွေကို ပြောင်းရွှေ့ထားတယ်လို့လည်း ပြောပါတယ်။
စီနာဘန်း မီးတောင်ဟာ အင်ဒိုနီးရှားမှာ ရှိတဲ့ မီးတောင်ရှင် ၁၃၀ ထဲက တလုံး ဖြစ်ပါတယ်။ ဒီနှစ်တွေအတွင်းမှာ လှုပ်ရှားမှုတွေ အသက်ဝင်လာတာကြောင့် အန္တရာယ်ရှိတဲ့ အဆင့်အနေနဲ့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မနှစ် ဖေဖော်ဝါရီတုန်းက ပေါက်ကွဲမှုမှာ လူ ၁၁ ယောက် သေဆုံးခဲ့ပေမယ့် ဇွန်လ ၁၃ ရက်နေ့က ပေါက်ကွမှုမှာတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အနီးအနားက ဒေသခံ ထောင်နဲ့ချီပြီး ဇွန်လ ၁၂ ရက်နေ့ကတည်းက ဘေးလွှတ်ရာ ကယ်ထုတ်ခဲ့ရပါတယ်။
DVB


မှတ်ချက်များ