လွန်ခဲ့တဲ့ ရက်သတ္တပတ်က နယူးယောက်မြို့ရှိ လုံခြုံရေးအမြင့်ဆုံး ချမှတ်ထားသော ထောင်မှ လူသတ်သမား အကျဉ်းသား(၂)ဦး ထောင်ဖောက်ထွက်ပြေးသွားကြတာပါ။ သူတို့ (၂)ဦးဟာ ဘားမောင့်ကို ထွက်ပြေးသွားတယ်လို့ အာဏာပိုင်များက ယုံကြည်နေကြပါတယ်။ အကျဉ်းသမားတွေကို ရှာဖွေရာမှာ ဥပဒေရေးရာအရာရှိများ ရာနှင့်ချီပါဝင်ပြီး ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကရှိ အခြားသောပြည်နယ် များထိပါ ဖြန့်ကျက်ရှာဖွေနေကြပါတယ်။ ဘားမောင့်အစိုးရဖက်မှ အရာရှိဖြစ်သူ ပီတာရှုမလင်းကလည်း ထွက်ပြေးသွားတဲ့ အကျဉ်းသမားတွေဟာ ဘားမောင့်တွင်ရှိကြောင်း ဖော်ပြနေတဲ့အထောက်အထားများရှိကြောင်း ဗုဒ္ဓဟူးနေ့ကြ ပုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုနေကြပါတယ်။
အဲ့ဒီလို ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေဟာ အသက်(၄၈)နှစ်အရွယ် ရစ်ချတ်မတ် နှင့် အသက် (၃၄) နှစ် အရွယ်ရှိ ဒေးဗစ် စ၀က်ဆိုသူတို့ပါ။ ရစ်ချတ်မတ်ဟာ သူရဲ့အလုပ်ရှင်ကို သတ်ပြီး အလောင်းဖျောက်မှုနဲ့ ထောင်ဒဏ် (၂၅) နှစ် ချခံထားသူပါ ။ဒေးဗစ် စ၀က် ဆိုသူကတော့ ရဲအရာရှိတစ်ဦးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံထားရသူဖြစ်ပါတယ်။
ဒါ့ပြင် အဲ့ဒီ အကျဉ်းသား (၂)ဦးဟာ အလွန်အမင်း အန္တရာယ်ရှိသူတွေအဖြစ်သတ်မှတ်ခြင်း ခံထားရသူတွေလည်း ဖြစ်ပါတယ်။
နယူးယောက်မြို့မှ အစိုးရအရာရှိ အန်ဒယူးကောင်ဝ်မိုကလည်း အာဏာရှင်များမှ ဘားမောင့်ဒေသအတွင်း ရှာဖွေရေးလုပ်ငန်းများကို အထူးအားထုတ်ကြိုးပမ်းလျက်ရှိကြောင်းနဲ့ လွတ်မြောက်နေတဲ့ အကျဉ်းသားတွေဟာ ဘားမောင့်ဒေသရှိ ဖြစ်နိုင်ခြေရှိသော နေရာများအကြောင်းကို ဆွေးနွေးထားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ဘယ်အရာမှတော့တိကျသေချာမှု မရှိသေးပါဘူး။ ရိုးရိုးသားသားပြောရရင်တော့ သူတို့ဘယ်နေရာမှာ ရှိနေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတဲ့ အကြောင်း သတင်းအချက်အလက်တစ်ခုမှ မရရှိသေးပါဘူး” လို့ နယူးယောက်ပြည်နယ်တပ်စုမှ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဘာလင်တန်သတင်းဌာနရဲ့ဖော်ပြချက်အရ ရဲအရာရှိတွေဟာ ဘားမောင့်ကမ်းနားဒေသရှိ စခန်းများမှာ ပျောက်ဆုံးသွားတဲ့ အကျဉ်းသားတွေကို ရှာဖွေလျက်ရှိပါတယ်။
သံသယရှိသူနှစ်ဦးရောက်ရှိနေတယ်လို့ သတင်းပို့လာတာကြောင့် လွန်ခဲ့တဲ့ အင်္ဂါနေ့တွင် နယူးယောက် ပြည်နယ် ၀ီလ်စ်ဗိုရိုမြို့မှာ ရှာဖွေရေးများ ပြုလုပ်ခဲ့ပြီး လူသတ်သမားနှစ်ဦးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုမှ မတွေ့ရှိခဲ့ရကြောင်း အသင်းအဖွဲ့များဆိုင်ရာ သတင်းဌာနက ပြောကြားခဲ့ပါတယ်။ ၀ီလ်စ်ဗိုရိုမြို့ဟာ သူတို့နှစ်ဦးဖောက်ထွက်သွားတဲ့ ထောင်ရဲ့တောင်ဖက် မိုင်(၄၀)အကွာအဝေးမှာ တည်ရှိပါတယ်။
ရာဇ၀တ်ကောင် (၂)ဦးရဲ့အကြောင်း သတင်းအချက်အလက်တွေနဲ့ ကလင်တန် ပြုပြင်ရေးစခန်းမှ ဖောက်ထွက် လွတ်မြောက်သွားပုံအကြောင်းကတော့ ဒီလိုပါ။
“အကျဉ်းသား မတ် တစ်ယောက်အတွက်တော့ ချမှတ်ထားတဲ့ လုံခြုံရေးဆိုတာ ဘယ်တော့မှ လုံလောက်မှုရှိမှာ မဟုတ်ဘူး၊ သူ့ကို ယုံယုံကြည်ကြည်နဲ့လည်း စိတ်ချလက်ချထားနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ ရဲအရာရှိတွေကို လှည့်စားရှောင်ရှားဖို့ အမြဲအကြံထုတ်နေတတ်လို့ပါ။ မတ်ဟာ (၁၉၈၆) ခုနှစ်တုန်း ကလည်း အီရီနိုင်ငံရှိ ထောင်တစ်ခုမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သူပဲဖြစ်ပါတယ်” လို့ စုံစမ်းထောက်လှမ်းရေးမှူး ဂေဘရယ် ဒီဘာနတ်ဒိုက နယူးယောက်တိုင်းမ် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ပြန်လည်သတင်းပို့ချက်တွေအရ ၄င်းတို့၏လုပ်ဆောင်ချက်တွေကို ထောင်စောင့်များရိပ်မိခြင်းမရှိစေရန် သူတို့ရဲ့ အိပ်ရာများပေါ် အ၀တ်စများကို အသုံးပြုပြီး လူပုံသဏ္ဍာန်များ ပြုလုပ်ထားကာ လှည့်စားခဲ့ပါတယ်။ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအရာရှိများ အနေနဲ့ ထောင်အိပ်ရာများအား (၂)နာရီခြားတစ်ခါ စစ်ဆေးရကြောင်း နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။ ၄င်းတို့နှစ်ဦးဟာ မနက်(၅)နာရီခွဲ၊ ထောင်အိပ်ရာ စစ်ဆေးချိန်မှာ ပျောက်ဆုံးနေခဲ့တာပါ။ ဒါ့အပြင် သူတို့နှစ်ဦးဟာ ပိုက်လိုင်းတစ်ခုရဲ့အပေါ်မှာ အ၀ါရောင် မှတ်စုစာရွက်တစ်ရွက် ထားရှိခဲ့ပြီး စာရွက်အပေါ်မှာတော့ အပြုံးမျက်နှာပုံလေးရေးဆွဲကာ “ကောင်းသောနေ့ဖြစ်ပါစေ”လို့ ရေးသားနှုတ်ဆက်သွားပါသေးတယ်။
ဒေးလီးသတင်းဌာနရဲ့ ဖော်ပြချက်အရ မတ်နဲ့စ၀တ်ဟာ “honor block” လို့ ခေါ်တဲ့ အခွင့်ထူးခံ ထောင်ခန်းမှာ နေရာချထားခြင်းကို ခံရသူများဖြစ်ပြီး ၄င်းတို့ရဲ့အချိန်အများစုကို ထောင်ခန်းအပြင်ဖက်မှာ ကုန်ဆုံးခွင့်ပေးခြင်း ခံထားရတဲ့သူများ ဖြစ်တဲ့အပြင် ဆိုင်များတွင်ပါ အလုပ်လုပ်ခွင့်ရသူများ ဖြစ်သွားတာကြောင့်လည်း ၄င်းတို့ ထောင်ဖောက်ထွက်ပြေးခြင်းအတွက် လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေကို စုဆောင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းထောင်မှာလည်း ပြုပြင်ဆောက်လုပ်ရေးလုပ်ငန်းများ ရှိနေတာမို့ ကန်ထရိုက်တာများနဲ့ အ၀င်အထွက် ရှုပ်နေခဲ့ပါတယ်။ “အကျဉ်းထောင်အနေနဲ့ အချိန်ပြည့်ဝန်ထမ်းတွေအပေါ်မှာသာ တင်းကြပ်မှုရှိနိုင်ခဲ့ပြီး ခဏတာလာရောက် အလုပ်လုပ်ကိုင်သူ ကန်ထရိုက်တာများ အပေါ်မှာ ထိန်းချုပ်မှုနည်းပါးခဲ့ပါတယ်။ အပြင်ကလာတဲ့ ကန်ထရိုက်တာတွေကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းပါ အချက်အလက်တွေကို လိုက်နာချင်မှ လိုက်နာပါလိမ့်မယ်။ အဲဒီအလုပ်သမားတွေကလည်း အလုပ်ပြုတ်မှာစိုးရိမ်တာကြောင့် ကိရိယာတန်ဆာပလာတွေ ပျောက်သွားတာတွေ ရှိရင်တောင် သတင်းမပို့ရဲကြပါဘူး။” လို့ နယူးယောက်မြို့ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးကော်မရှင်နာဖြစ်သူ မာတင်ဟွန်းမှ Business Insider သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒေးလီးသတင်းဌာနက ပြန်လည်ဖော်ပြတာကတော့ ထောင်စောင့်တွေဟာ အကျဉ်းသားတွေ ပုန်းကွယ်ပြီး လိုက်လာတာမျိုး၊ မှောင်ခိုပစ္စည်းတွေ သယ်လာတာမျိုး ရှိမရှိကို ကန်ထရိုက်တာတွေ အသုံးပြုတဲ့ ယာဉ်တွေအား စစ်ဆေးမှာဖြစ်ကြပေမယ့် ကန်ထရိုက်တာတွေ ကိုင်လာတဲ့ ပစ္စည်းကိရိယာတွေကိုတော့ အနီးကပ် ကြည့်ရှု စစ်ဆေးခြင်း ရှိမှာ မဟုတ်ပါဘူး။
ခင်အေးမြလွင် - ဧရာဝတီ




မှတ်ချက်များ