အမျိုးသားများအတွက် သားဆက်ခြားဆေးများ ထွက်ပေါ်ဓောတ်ပုံ - ALAMYတာ့မည်

ဓာတ်ပုံ - ALAMY
ဓာတ်ပုံ – telegraph
သားဆက်ခြားခြင်း ကိစ္စဟာ အမျိုးသမီးတွေနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အမြင်တွေကို လာမယ့် နှစ်အနည်းငယ် အတွင်းမှာ လုံးဝပြောင်းလဲနိုင်တော့မှာပါ။

အမျိုးသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ သားဆက်ခြားထိုးဆေး၊ သောက်ဆေးတွေ မကြာခင် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

အမေရိကန် အခြေစိုက် Parsemus Foundation က Vasalgel လို့ ခေါ်တဲ့ သားဆက်ခြား ထိုးဆေးကို စမ်းသပ်ထုတ်လုပ်ထားပြီး ၂၀၁၈-၂၀ ခုနှစ်မှာ ဈေးကွက်ထဲကို ဖြန့်ချိဖို့ စီစဉ်နေတာပါ။

Vasalgel ထိုးဆေးကို အမျိုးသားတွေရဲ့ သုတ်ပိုးသယ်ဆောင်တဲ့ ပြွန်ထဲကို ထိုးသွင်းရမှာဖြစ်ပါတယ်။ ဒီလို ထိုးသွင်းထားခြင်းအားဖြင့် သုတ်ပိုးတွေ အပြင်ကို မထွက်နိုင်အောင် ပိတ်ဆို့ထားနိုင်ပါတယ်။

ဒါပေမယ့် လိင်ဆက်ဆံရာမှာ လိုအပ်တဲ့ အရည်တွေကိုတော့ ထွက်ရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။ ထိုးဆေးကို တခါထိုးထားပြီးရင် နှစ်တော်တော်ကြာကြာလောက် အကျိုးသက်ရောက်မှုရှိမယ်လို့ ဆိုပါတယ်။ Parsemus Foundation ဟာ ဒီထိုးဆေးကို ၂၀၁၆ ခုနှစ်မှာ စမ်းသပ်သုံးစွဲမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နောက်တမျိုးကတော့ သားဆက်ခြား သောက်ဆေးပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Airlangga တက္ကသိုလ်က သိပံ္ပပညာရှင်တွေ စမ်းသပ်ထုတ်လုပ်ထားတာဖြစ်ပြီး လူသားတွေမှာ စမ်းသပ်သုံးစွဲမှုတွေ ပြုလုပ်နေပါတယ်။ ဒီသောက်ဆေးဟာလည်း မကြာခင် ထွက်ပေါ်လာတော့မှာပါ။

ဒီသားဆက်ခြားဆေးတွေကို ကမ္ဘာတ၀ှမ်းလုံးက အမျိုးသားတွေ မျှော်လင့်စောင့်စားနေကြတယ်လို့ ဆိုပါတယ်။

ဒီလိုဆေးတွေပေါ်လာတဲ့အတွက် ကွန်ဒုံးသုံးစွဲမှုတွေ လျော့ကျသွားမှာလားလို့ မေးရင်တော့ မဟုတ်ပါဘူးလို့ ပညာရှင်တွေက ဖြေမှာပါ။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကနေ ကာကွယ်ဖို့ ကွန်ဒုံးကို လိုအပ်နေဦးမှာပါ။

အမျိုးသားတွေ အသုံးပြုနိုင်မယ့် သားဆက်ခြားနည်းလမ်းတွေ ပေါ်ထွက်လာပြီး ဘယ်လို အကျိုးကျေးဇူးတွေ ရှိလာမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။

DVB

မှတ်ချက်များ