ရထား ဖျက်ဆီးသူများကို ဖမ်းမည့် အဆင့်မြင့် ထောင်ချောက်
ဆစ်ဒနီမြို့ရဲ့ ရထားလမ်းကွန်ရက်တလျှောက်မှာ ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကို ထောက်လှမ်းမယ့် အဆင့်မြင့်နည်းပညာသုံး စနစ်တခုကို တပ်ဆပ်သွားတော့မှာပါ။ ဆစ်ဒနီ ရထားပို့ဆောင်ရေးဌာန စီအီးအို ဟောင်းဝပ်ကောလင်းစ် ကတော့ ဒီစနစ်သစ်ကို ကြွက်ထောင်ချောက်လို့ အမည်မှည့်ထားပါတယ်။
“ဒါကတော့ ကြွက်ထောင်ချောက်ဆိုတဲ့ စစ်ဆင်ရေးအသစ်ပေါ့။ ဒီစနစ်က ကျနော်တို့ ရထားတွေကို ဖျက်ဆီးနေသူတွေကို သိုသိုသိပ်သိပ်နဲ့ ထောက်လှမ်းပေးမှာပါ။”
ရထားနံရံတွေပေါ်မှာ ပုံတွေ၊ စာတွေ လက်ဆော့ပြီး ရေးလိုက်ခြစ်လိုက်တာနဲ့ တွဲထဲက ဆင်ဆာက လျှပ်စစ်နှာခေါင်းလို အလုပ်လုပ်ပြီး မှုတ်ဆေးကို ခြေရာခံမှာ ဖြစ်ပါတယ်။ ပြီးရင် ရထားလမ်း လုံခြုံရေးဌာနကို အချက်လှမ်းပေးပြီး လက်သရမ်းသူရဲ့ ဗီဒီယိုကို တိုက်ရိုက် ထုတ်လွှင့်ပေးမှာပါ။ ဒီအချက်ပေးစနစ်မှာ မာကာကို သုံးတာလား၊ သင်္ဘောဆေးလား ဆိုတာကိုပါ ဖော်ပြပေးပါတယ်။
အဲဒီအချိန်မှာပဲ ရထားလမ်း ထိန်းချုပ်ရေး အခန်းကနေ ဒီရထားရဲ့ တည်နေရာကို ခြေရာခံမှာ ဖြစ်ပါတယ်။ ပြီးမှ ရုပ်ဖျက်ထားတဲ့ ရဲအရာရှိတွေက လက်သရမ်းဖျက်ဆီးသူ အမျိုးသား ၂ ဦးကို ၀င်ရောက်ဖမ်းဆီးလိုက်ပါတော့တယ်။
“ဒီစနစ်က စမ်းသပ်ဆဲအဆင့်ပဲ ရှိပါသေးတယ်။ မနှစ်ကတည်းက စပြီး စမ်းသပ်နေတာပါ။ တကယ်လည်း အောင်မြင်မှု ရထားပါတယ်။ ဒီကြွက်ထောင်ချောက်နဲ့ အမှုပေါင်း ၇၀ လောက် ဖော်ထုတ်ပြီးပါပြီ။ လူ ၅၀ ကို တရားစွဲဆိုနိုင်ခဲ့ပါတယ်။ အခု အခြားရထားတွေကို ဖြန့်ချိပြီးပြီဖြစ်သလို အောင်မြင်မှုတွေ ပိုပြီးရရှိနေပါပြီ။”
ဒီပစ္စည်းက ရထားတွဲနံရံရဲ့နောက်မှာ ၀ှက်ထည့်ထားတဲ့ ဆင်ဆာလေးပါ။ သူ့နားမှာ မာကာပန် ဒါမှမဟုတ် မှုတ်ဆေးသုံးလိုက်တာနဲ့ ဒီဂျစ်တယ်ပရော်ဆက်ဆာဆီကို အချက်ပြတခု ပေးပို့လိုက်ပါတယ်။ ပရော်ဆက်ဆာကမှ ဓာတုဖွဲ့စည်းပုံကို သရုပ်ခွဲပါတယ်။ အငွေ့ပျံနှုန်းက စက်ကသိပြီးသား ပန် (pen) ဒါမှမဟုတ် သုတ်ဆေး (paint) နဲ့ တိုက်ကြည့်ပြီးတာနဲ့ အချက်ပေးသံ မြည်လာပါတော့တယ်။ မာ့ခ်ဘိုင်ရာရဲ့ Technique Risk ကနေ ဒီကြွက်ထောင်ချောက်ကို တီထွင်ခဲ့တာပါ။
“ဒီစနစ်ရဲ့ အားသာချက်ကတော့ လုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် ရဲဝန်ထမ်းအနေနဲ့ လုပ်ငန်းခွင်ထဲမှာ မိုဘိုင်ဖုန်းကတဆင့် ဒီစနစ်ကို စောင့်ကြည့်နေဖို့ပဲ လိုပါတယ်။ ရထား ဒါမှမဟုတ် တွဲအမှတ်နဲ့ အခင်းဖြစ်နေရာအပြင် ရထားဦးတည်ခုတ်မောင်းမယ့်နေရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိရမှာပါ။”
လက်သရမ်းတဲ့သူကလည်း ဒီတွဲမှာ သူတယောက်တည်း ရှိတယ်လို့ ထင်နေပြီး သူ့မာကာပန်က ကြွက်ထောင်ချောက်ကို သွားဖွင့်လိုက်ပြီဆိုတာ သတိမထားမိပါဘူး။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖုန်းတွေမှာ အချက်ပြတွေ ပေါ်လာတာနဲ့ ရဲတွေက တွဲကို စီးနင်းရှာဖွေကြမှာပါ။ လက်သရမ်းသူကို ကြမ်းပြင်ပေါ် လှဲသိပ်ပြီး လက်ထိပ်ခတ် ဖမ်းလိုက်မှာပါ။
“ဒီထောင်ချောက် မတပ်ခင်တုန်းကဆိုရင် ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေထဲက တခုက ရထားကို တွဲပြင်ရုံပို့ပြီး မွမ်းမံမှုတွေ လုပ်မယ့်အချိန်ကျမှ ဒီလို လက်သရမ်းတာ၊ တောင်ရေးမြောက်ရေးလုပ်တာတွေကို တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ရပ်တွေဟာ ဘယ်နေရာ ဘယ်အချိန်မှာ ဖြစ်တတ်တယ်ဆိုတဲ့ မှတ်တမ်းတခု ပြုစုနေပါပြီ။ ဒီတော့ ရဲဝန်ထမ်းတွေအဖို့ တနေ့တာရဲ့ ဘယ်အချိန်၊ ဘယ်နေရာတွေမှာ ဖြစ်တတ်လဲဆိုတာ ကြိုသိနေနိုင်တာပေါ့။”
ဆစ်ဒနီမှာ ကြွက်ထောင်ချောက် စသုံးချိန်ကတည်းက ဖမ်းမိတဲ့ ကျူးလွန်သူ အရေအတွက်ဟာ အာဏာပိုင်တွေ မျှော်လင့်ထားတာထက် ပိုမိုကျော်လွန်သွားခဲ့ပါတယ်။ လက်သရမ်းသူတွေကို လုပ်နေဆဲမှာပဲ ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ခုဆိုရင် မြို့တော်ရဲ့ ရထားအများစုဟာ အစွန်းအထင်းကင်းသွားပြီ ဖြစ်ပါတယ်။
DVB










မှတ်ချက်များ