ကမ္ဘာလှည့်ခရီးသည်များ အသတ်ခံရမှုကြောင့် တူနီးရှားတွင် အရေးပေါ်အခြေအနေကြေညာ





တူနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့တပတ်က ကမ္ဘာလှည့်ခရီးသည် ၃၈ ဦးပစ်သတ်ခံခဲ့ကြရအပြီး ဇူလိုင် ၄ ရက်နေ့က အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။

ဇွန်လ ၂၆ ရက်နေ့ ဆိုစီကမ်းခြေပစ်ခတ်မှုအပြီး နိုင်ငံရဲ့ လုံခြုံရေးအဆင့်တိုးမြှင့်ပြီးလည်းဖြစ်ပါတယ်။

ဆိုစီကမ်းခြေအကြမ်းဖက် တိုက်ခိုက်ခံရမှုမှာ နိုင်ငံခြားသား ၃၈ ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲက အယောက် ၃၀ ဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

သမ္မတက နိုင်ငံအရေးပေါ်အခြေအနေကြေညာခဲ့တာကြောင့် တူနီးရှား လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အင်အားသုံးခွင့်ပိုမိုရရှိမှာဖြစ်ပြီး အများပြည်သူ စုဝေးသွားလာခွင့်တွေကိုလည်း ကန့်သတ်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ ဟိုတယ်တွေနဲ့ အပန်းဖြေကမ်းခြေတွေမှာ ရဲတပ်ဖွဲ့ဝင် ၁၄၀၀ ကျော် တိုးမြှင့်ချထားတာပါ။

အဲ့ဒီကမ်းခြေတိုက်ခိုက်မှုမှာ တူနီးရှားလုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်မှု နှေးကွေးတယ်ဆိုပြီးတော့လည်း ပြစ်တင်ဝေဖန်မှုတွေရှိနေပါတယ်။

အကြမ်းဖက်သေနတ်သမားဟာ တူနီးရှားကျောင်းသားတဦးဖြစ်ပြီး လစ်ဗျားနိုင်ငံမှာ အကြမ်းဖက်သင်တန်းတက်ခဲ့တယ်လို့ တူနီးရှားအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုမှာ သူနဲ့ပတ်သက်ခဲ့တယ်လို့ သံသယရှိသူ ၈ ဦးကိုလည်း တူနီးရှားရဲတွေက ဖမ်းဆီးထားပါတယ်။

ဒီကမ်းခြေတိုက်ခိုက်မှုဟာ တူနီးရှားခရီးသွားလုပ်ငန်းအပေါ် ၃ လအတွင်း ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း ကျူနစ်မြို့တော်က ဘာဒိုအမျိုးသားပြတိုက် တိုက်ခိုက်ခံရပြီး လူ ၂၂ ဦး သေဆုံးခဲ့ကြပါတယ်။

DVB

မှတ်ချက်များ