မသဲနုရင်က မန္တလေးမြို့က ရုံးခွဲတခုရဲ့ မန်နေဂျာဖြစ်ပြီး သမီးတယောက်မိခင် ဖြစ်ပါတယ်။ သူအလုပ်သွားချိန်မှာ
၂ နှစ်ခွဲအရွယ် သမီးငယ်ကို အဘိုးအဘွားတွေနဲ့ အိမ်မှာထားခဲ့ရတယ်။ လုပ်ငန်းခွင်ရှိနေချိန်မှာ ကလေးနဲ့ မတည့်တဲ့ အစားအစာတွေ စားမှာ စိုးရိမ်တယ်လို့ သူက ပြောတယ်။
“သမီးလေးမွေးပြီး ၄၆ ရက်မြောက်နေ့မှာ ရုံးစတက်ရတယ်။ အသိတွေနဲ့တွေ့လို့ သမီးလေး နေကောင်းလား။ ဘယ်အရွယ် ရောက်ပြီလဲမေးရင် မျက်ရည်က ၀ဲလာတယ်။ ကလေးကို အိမ်မှာထားခဲ့ရလို့ စိတ်မကောင်းဘူး။ အဲဒီနေ့ကတော့ အိမ်ကို တနေ့လုံးဖုန်းဆက် နေဖြစ်တယ်။ အခုဆို သူ့အဖိုးက သင်ပေးထားလို့ သမီးက ၀လုံးလေးတွေ ရေးတတ်နေပြီ။ သမီးကို ကိုယ်တိုင်ကိုယ်ကျ သင်မပေးနိုင်လို့ စိတ်မကောင်း ဖြစ်ရတယ်”
လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ သားသည်မိခင်တွေမှာ လုပ်ငန်းခွင်ဖိစီးမှုတွေ ကြုံရပါတယ်။
အခုခေတ် အိမ်ပြန်ချိန်တွေက အရင်တုန်းကထက် ပိုနောက်ကျတယ်။ ယာဉ်ကြောပိတ်၊ လမ်းကြောင်းကျပ်တဲ့အခါ ပုံမှန်ကြာချိန်ထက် အချိန်ပိုကြာပြီး ခရီးဖင့်တယ်။ လုပ်ငန်းသဘာဝအရ အလုပ်ပြီးချိန်ရောက်မှ ငွေခံ ထွက်ကြရတဲ့ ၀န်ထမ်း အမျိုးသမီးတွေ ရှိသလိုအလုပ်အပြန်မှာ မားကက်တင်း ၀င်ဆင်းကြရတဲ့ အရောင်းမြှင့်တင်ရေး အမျိုးသမီးဝန်ထမ်းတွေ ရှိနေတယ်။ သူတို့အိမ်ပြန်ခရီးမှာဆည်းလည်းလေးတွေ အိပ်ယာထက်မှာ အိပ်မောကျနေပါပြီ။
မအိမို့က လသားအရွယ် သမီးငယ်လေးရဲ့ မိခင်တယောက်ပါ။ သူလည်း ၂၁ ရာစု အမျိုးသမီးပီပီ အလုပ်လုပ်နေရသူ ဖြစ်တယ်။ လုပ်ငန်းခွင်ဝင်ရောက်ချိန်မှာ သမီးဖြစ်သူကို ဆွေမျိုးမကင်းတဲ့ ကလေးထိန်း အမျိုးသမီးထဲ အပ်ခဲ့ရသူ ဖြစ်ပါတယ်။ ကလေးထိန်းအမျိုးသမီးက သားသုံးယောက်ရဲ့ မိခင်ဖြစ်ပြီး ကလေးထိန်း အတွေ့အကြုံ ရင့်ကျက်သူ တယောက်ပါ။ ဒါပေမဲ့ မအိမို့ က သမီးအတွက် စိတ်ပူပါတယ်။ လုပ်ငန်းခွင်ရှိနေချိန်မှာ သမီးလေးကို အလွမ်းပြေကြည့်ဖို့
လက်ကိုင်ဖုန်းထဲမှာရော လက်တော့ထဲမှာပါ သမီးငယ်လေးရဲ့ ပုံတွေ ထည့်ထားတယ်။ သူက လသားအရွယ်သာ ရှိသေးတဲ့သမီးကို မတည့်တာတွေ ကျွေးမှာ စိုးရိမ်ပါသတဲ့။
“သမီးက ၆ လ မပြည့်သေးဘူး။ ဆရာဝန်က သေချာမှာထားတယ်။ ၆ လ မပြည့်မချင်း ဘာမှ မကျွေးရဘူးတဲ့။ အလုပ်သွားတဲ့အခါ ကလေးအတွက် နို့ဗူးထဲမှာ နို့ညှစ်ပေးခဲ့တယ်။ နို့ဗူးထဲက နို့ကို သုံးနာရီအတွင်း တိုက်ဖို့၊
သုံးနာရီကျော်သွားရင် မတိုက်ဖို့တော့ သေချာမှာခဲ့တာပဲ။ ကလေးထိန်းက ရေတိုက်လိုက်မှာ၊ သနပ်ခါးကျွေးလိုက်မှာ ကြောက်တယ်။ အလုပ်စဆင်းတဲ့ နေ့ကဆို သမီးလေးက ဘာမှ နားမလည်သေးပေမဲ့ ဘ၀ရှေ့ရေးအတွက် မဖြစ်လို့ပါ သမီးရယ်ဆိုပြီး သမီးရှေ့မှာ ငိုခဲ့ရသေးတယ်”
လုပ်ငန်းခွင်အသီးသီးမှာ ၀င်ရောက်နေကြတဲ့ မိခင်တွေ သူတို့ရင်သွေးတွေကို အိမ်မှာထားခဲ့တဲ့အခါ အဘိုးအဘွား ဆွေမျိုးသားချင်းတွေနဲ့ ထားခဲ့ကြရတာရှိသလို ကလေးထိန်းတွေ လက်ထဲ အပ်ခဲ့ကြရတာလည်း ရှိတယ်။ ကလေးတွေက မိခင်အရင်းထက် သူတို့ကိုထိန်းပေးကြသူတွေနဲ့ ပိုရင်းနှီးတဲ့အခါ မိခင်ဖြစ်သူတွေ ခံစားကြရတယ်။ အဲဒီအခါမျိုးမှာ အလုပ်နဲ့ကလေး ဘယ်ဟာရွေးမလဲ ဆိုတာအထိ ဖြစ်ရတဲ့အခါတွေ ရှိတယ်။
“အလုပ်ကပြန်လာလို့ သမီးရေလို့ခေါ်ရင် အဆော့မက်နေတဲ့အခါမှာ မအေဖြစ်သူကို ကြိုချင်တဲ့အခါမှ ကြိုတယ်။ အလုပ်ကပြန်လာတိုင်း ကလေးကြိုက်မယ်ထင်တဲ့ မုန့်တခုခုတော့ နေ့တိုင်းဝယ်သွားတယ်။ မုန့်တွေဝယ်လာတယ်၊
သူ့အတွက် ပါလာတယ်ဆိုတာ သိရင် ကလေးဆိုတော့ ပျော်တာပေါ့။ အိမ်ပြန်ချိန်မှာ မုန့်ဝယ်သွားတယ်ဆိုတာ သူတို့ကို အားပေးတာပါပဲ” လို့မသဲနုရင်က ဆိုတယ်။
မအိမို့ ကြုံတွေ့နေရတာကတော့ အခုလိုဖြစ်ပါတယ်။ “ကလေးထိန်းကို မိခင်အရင်းထက် ပိုပြီးခင်တွယ်မှာကို အရမ်းကြောက်တာပဲ။ အခု လောလောဆယ်တော့ ကလေးထိန်းက မြှူလိုက်ရင် ငြိမ်နေတာပဲ။ ကိုယ့်ထက်စာရင် ကလေးထိန်းကို ခင်တွယ်နေတာ မြင်တွေ့နေရတော့ အရမ်းခံစားရတယ်”
မိဘတွေရဲ့ အုပ်ထိန်းစောင့်ရှောက်မှု မရခဲ့တဲ့ကလေးငယ်တွေဟာ မိဘ ဂရုစိုက်ခံရတဲ့ ကလေးတွေထက် အရက်၊ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ဖို့ ပိုပြီး အလားအလာများတယ်လို့ အမေရိကန်က ကလေးသူငယ်ဖွံ့ဖြိုးရေး သုတေသန ဂျာနယ်တစောင်မှာ ဖော်ပြထားတယ်။ မေရီလင်းန်တက္ကသိုလ်ရဲ့ ၁၉၈၅ ခုနှစ် လေ့လာချက်အရ အမေရိကန်မိဘတွေက သူတို့သားသမီးတွေနဲ့ ရက်သတ္တတပတ်မှာ ကလေးတွေနဲ့ အတူရှိနေချိန် ပျမ်းမျှ ၁၇ နာရီသာ ရှိပါတယ်။ မိဘတွေဟာ တရက် နှစ်နာရီခွဲဝန်းကျင်သာ ကလေးနဲ့အတူ ရှိနေတယ်ဆိုတဲ့ သဘောပါပဲ။
ပြည်တွင်းထုတ် ပုဂ္ဂလိကသတင်းစာနဲ့ ဂျာနယ်တွေမှာ ကလေးငယ်တွေရဲ့ ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အမှုဖြစ်စဉ်တွေ တွေ့လာရပါပြီ။ ယခုလအတွင်း မော်လမြိုင်က ကိုးတန်းကျောင်းသားဆီမှာ စိတ်ကြွဆေးပြား ရာဂဏန်းမိတယ်။ ညောင်တုန်းက လေးနှစ်အရွယ် မိန်းကလေးငယ်ကို ဆယ်ကျော်သက် ကလေးနှစ်ယောက်က ရေနှစ်သတ်တယ်။ တောင်သာမှာ ကိုးတန်း ကျောင်းသူကို သူငယ်ချင်း ဆယ်တန်းကျောင်းသားက မှတ်ပုံတင် လုပ်ပေးမယ်ပြောပြီး အဓမ္မပြုကျင့်တယ်။ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်းဒီဘက် နှစ်တွေမှာ ခပ်စိပ်စိပ် တွေ့လာရတယ်။
အထူးသဖြင့် အသက်ငယ်ရွယ်လွန်းသေးတဲ့ ဥမမယ် စာမမြောက် အရွယ်ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ အမှုတွေက အရင်ထက် ပိုများလာတယ်။ သမီးရှင် မိခင်တွေ အဲဒီလို သတင်းတွေဖတ်ပြီး သောကဖြစ်ကြရတယ်။
“အဲဒီလို ကလေးသူငယ် လိင်အကြမ်းဖက်ခံရတဲ့ အကြောင်းတွေ ကြားတဲ့အခါ ရင်ထဲမှာ မကောင်းဘူး။ ခေတ်က အရမ်းကြမ်းလာတော့ စိတ်ပူမိတယ်။ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ အမြဲစဉ်းစား နေရတယ်။ ကလေး ကျောင်းတက်ရပြီ ဆိုရင်တော့ ကလေးနဲ့ အနေနီးနိုင်အောင် ကြိုးစားမယ်” လို့ သမီးတယောက်ရဲ့ မိခင်က ဆိုပါတယ်။
အိုင်ဘီအမ်၊ ဂျွန်ဆင်နှင့် ဂျွန်ဆန် တို့လို ကုမ္ပဏီကြီးတွေက ကိုယ့်ဝန်ထမ်းတွေရဲ့ သားသမီးတွေကို ထိန်းသိမ်း စောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်။ ကိုယ့်ဝန်ထမ်းတွေရဲ့ မိသားစုပြသနာကို လိုက်လျော ဖြေရှင်းပေးခြင်းက ကုမ္မဏီအတွက် အကျိုးများစေတယ်ဆိုတာသူတို့သိလာကြပြီ။ ကလေးထိန်းသိမ်း စောင့်ရှောက်ရေးလုပ်တာဟာ
စီးပွားရေး လုပ်ငန်းတွေအတွက် အကောင်းဆုံး အကျိုးစီးပွားဖြစ်ကြောင်း ကုမ္မဏီကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေ သဘောပေါက်လာကြတယ်။
(၁) သာမန်အားဖြင့် မိန်းမ ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် ထိုမိန်းမများ၏ ခြောက်နှစ်အောက်ရှိသော ကလေးများအတွက် သင့်တော်သော အခန်းတခု၊ သို့တည်းမဟုတ် အခန်းများ သီးသန့် စီမံထားရှိရမည်။
(၂) ထိုအခန်းတွင် လုံလောက်သော နေရာထိုင်ခင်းများ ထားရှိရမည်။ ထိုအခန်းကို အလင်းရောင်နှင့် လေ လုံလောက်စွာ ရရှိအောင်လည်း စီမံထားရမည်။ အခန်းကို သန့်ရှင်းစင်ကြယ်စွာလည်း ထားရှိရမည့် အပြင် ကလေးသူငယ်များ ပြုစုရေး၌ တက်မြောက်ကျွမ်းကျင်သော မိန်းမများက ကြီးကြပ်စီမံရမည်။
အထက်မှာ ဖော်ပြထားတဲ့ဥပဒေက အမေရိကန်နိုင်ငံမှာ ထုတ်ပြန်ထားတဲ့ဥပဒေ မဟုတ်ပါဘူး။
ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ (၁၉၅၁ – ခုနှစ်၊ အက်ဥပဒေအမှတ် – ၆၅) အခန်း (၅) မှာ ဖော်ပြထားတာပါ။ (၁၉၈၆ – ခုနှစ်တွင် ထပ်မံပြင်ဆင်ပုံနှိပ်သည့် အလုပ်သမားရေးရာ အက်ဥပဒေများမှ ကောက်နုတ် ဖော်ပြပါတယ်။) အလုပ်လုပ်နေတဲ့ မိခင်တွေအတွက် ဥပဒေက အတိအလင်း ကာကွယ်ပေးထားတဲ့ ဥပဒေဖြစ်တယ်။
အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ်က ကလေးကြီးထွားမှုဆိုင်ရာ အထူးပြု လေ့လာထားတဲ့ ပါမောက္ခ ဂျေးဘယ်စကီက “တနှစ်အရွယ်အတွင်းမှာ မိဘနဲ့မဟုတ်ဘဲ အခြားသူတွေနဲ့ တပတ်နာရီ ၂၀၊ ဒါမှမဟုတ် အဲဒါထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ခံရတဲ့ ကလေးငယ်က တနှစ်ပြည့်တဲ့အခါ မိဘနဲ့ ဆက်ဆံရာမှာ စိတ်ဓာတ် မလုံခြုံတဲ့ ဆက်ဆံရေးဖြစ်ဖို့အလားအလာပိုများတယ်။ အသက် ၃ နှစ်ကနေ ၈ နှစ်ရောက်တဲ့အခါ စကား နားမထောင်ဘဲ ပိုဆိုးဖို့ အလားအလာ များလာပါတယ်။ မိဘတွေ အလုပ်လုပ်တဲ့အခါ စိတ်ပင်ပန်းဒဏ်၊ ကိုယ်ပင်ပန်းဒဏ် တွေရကြတယ်။အဲဒီအကျိုးဆက်က မိသားစုပေါ် သက်ရောက်စေတယ်” လို့ ဆိုပါတယ်။ ပါမောက္ခ ဂျေးဘယ်စကီက ကလေးသူငယ် ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး သုတေသနပေါင်းများစွာ ရေးခဲ့တဲ့ ပညာရှင်ဖြစ်ပါတယ်။
အမေရိကန် ကလေးပညာရပ်ဆိုင်ရာ အကယ်ဒမီက လော့အင်ဂျလိစ်နဲ့ ဆန်ဒီယေဂိုမြို့တွေမှာ ဆယ်ကျော်သက် ကလေးငယ်တွေကို သုတေသနပြုပါတယ်။ တပတ်ကို ၁၁ နာရီနဲ့အထက် အိမ်သော့ကိုင်ခွင့်ရတဲ့ ဆယ်ကျော်သက်တွေက မိဘအုပ်ထိန်းမှု အောက်မှာရှိတဲ့ ဆယ်ကျော်သက်တွေထက် အရက်သောက်၊ ဆေးလိပ်သောက်၊ ဆေးခြောက်ရှု နှစ်ဆပိုပါတယ်။ (မိဘတွေ အလုပ်သွားချိန်မှာ အိမ်ထဲဝင်နိုင် ထွက်နိုင်အောင် သားသမီးတွေကို သော့အပို ပေးထားကြရပါတယ်။)
ဒီနေ့ခေတ်မှာတော့ မိဘနဲ့ကလေး ဝေးသထက်ဝေးလာနေပါပြီ။ ဝေးတယ်ဆိုရာမှာ လူချင်းဝေးရုံမက စိတ်ချင်းပါ ပိုလို့ ဝေးလာနေတယ်။ တမိုးအောက်မှာ အတူနေပေမယ့် အလုပ်ခွင်မှာပင်ပန်း နွမ်းနယ်လာတဲ့ မိဘတချို့က ကလေးတွေကို အချိန်ပေးဖို့ စိတ်ရှည်ဖို့ ခက်လာတယ်။ တနှစ်အောက် ကလေးများဆိုင်ရာ တမျိုးသားလုံး ဗဟိုဌာနရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး အဲလိယာနာဇန်တန် က “ကလေးနဲ့မိဘတနာရီအတွင်း ပြန်တွေ့ကြတဲ့ တွေ့တွေ့ချင်းအချိန်မှာ မိဘနဲ့ကလေး ဘယ်လို ဆက်ဆံသလဲ။ အဲဒါက တနေ့လုံးလောက် အရေးကြီးပါတယ်။ အမေဟာ မိခင်ဖြစ်ဖို့ သိပ်ပင်ပန်းနေပြီ ဆိုရင်တော့ ရှင့်မှာပြဿနာရှိနေပြီလို့ ပြောရမှာပါပဲ” လို့ ဆိုပါတယ်။
မိသားစုတွေမှာ ရှေးတုန်းကလို အမေတွေအလုပ်မလုပ်ဘဲ အိမ်မှာ ကလေးထိန်းနေဖို့ လတ်တလော အခြေအနေအရ မဖြစ်နိုင်ပါဘူး။ စားဝတ်နေရေး အရေးတကြီး ဖြေရှင်းနေရချိန်မှာ မိခင်တွေရဲ့ ၀င်ငွေကလည်း မိသားစုတွေမှာ ထိုက်သင့်တဲ့ ပံ့ပိုးမှုကို ပေးစေနိုင်ပါတယ်။ အမေရိကန်မှာတော့ တမျိုးသားလုံး လုပ်အားရဲ့ ၄၅ ရာခိုင်နှုန်းကို အမျိုးသမီးတွေက တာဝန်ယူနေတာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံမှာတော့ အလုပ်လုပ်နိုင်တဲ့ အသက်အပိုင်းအခြားကို ၁၅ နှစ်မှ ၆၄ နှစ်အတွင်း သတ်မှတ်ထားပါတယ်။ အလုပ်အကိုင်ရရှိမှုနဲ့လူဦးရေအချိုးက အမျိုးသားတွေမှာ ၈၁ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ၄၈ ဒသမ ၄ ရာခိုင်နှုန်း ရှိနေပါတယ်။ အမျိုးသမီးတွေရဲ့လုပ်သားအင်အားစုအချိုးက အတိုင်းအတာ တခုအထိ အရေးပါနေဆဲ ဖြစ်ပါတယ်။
ကလေးတွေရဲ့ ကိုယ်စိတ်ကျန်းမာရေး အရည်အချင်းပြည့်ဝဖို့ ကလေးငယ်အနီးမှာ မိခင်ဖြစ်သူ အချိန်ပြည့်ရှိရုံနဲ့လည်း မလုံလောက်ပါဘူး။ အိမ်မှာ အချိန်ပြည့်ရှိပေမဲ့ အလိုမကျ ဒေါသတကြီး ရှိနေတဲ့ မိခင်ထက်စာရင် အရည်အသွေးမြင့် နေ့ကလေးထိန်းကျောင်းတွေကကလေးအတွက် ပိုပြီးလုံခြုံ စိတ်ချရပါတယ်။ အမေရိကန်မှာ မှတ်ပုံတင်ရ ကလေးထိန်း ဌာနပေါင်း ၇၇၀၀၀ က ကလေးငယ် ၄ သန်း အတွက် နေ့တိုင်း အလုပ်လုပ်နေကြရပါတယ်။
ပြည်တွင်းမှာလည်း လူမှုဝန်ထမ်း ဦးစီးဌာနအောက်မှာ အစိုးရ အစီအစဉ်နဲ့ဖွင့်တဲ့ ကျောင်းတွေရှိသလို ပုဂ္ဂလိက အစီအစဉ်နဲ့ ဖွင့်လှစ်တဲ့နေ့ကလေးထိန်း ကျောင်းတွေလည်း မြို့ကြီးတွေမှာ ရှိပါတယ်။ နိုင်ငံတကာက လာရောက် ဖွင့်လှစ်တဲ့ Early childhood centre နေ့ကလေးထိန်းတွေလည်း ရှိနေပါပြီ။ အခုဖွင့်ထားတဲ့ နေ့ကလေးထိန်း ကျောင်းတွေ အရည်အချင်းပြည့်မီတဲ့ ကျောင်းတွေဖြစ်ဖို့ သက်ဆိုင်ရာက စနစ်တကျ လေ့ကျင့်သင်ကြား ပေးရုံတင်မက လမ်းညွှန်တည့်မတ် ပေးနိုင်ဖို့လည်း လိုပါတယ်။
အလုပ်လုပ်တဲ့မိခင်တွေက ရုံးပိတ်ရက် အလုပ်ပိတ်ရက်တွေမှာ သူတို့ကလေးတွေနဲ့ အချိန်တွေကို ကုန်စေတယ်။ တပတ်လုံးမှာ ပိတ်ရက်လေးသာ တွေ့ရတာမို့ သားသမီးတွေကို အချိန်ပေးတယ်။ ကလေးချော့မြှူဖို့ အတွက်ဆိုရင် သံသာဟစ်ကျွေး ခေတ်ပေါ်တေး ဆိုရတဲ့အခါတွေ ရှိသလို မိဘမကြိုက်တဲ့အပြောအဆို အပြုအမူတွေကို ပါတ်ဝန်းကျင်က အတုခိုးလာပြီး သားသမီးတွေ လုပ်လာရင်လည်း ကလေးတွေ နောင်မလုပ်အောင် ဘီလူးဆိုင်းတီးပြီး မကြိုက်ကြောင်း ပြသရတာတွေလည်း ရှိပါတယ်လို့ လုပ်ငန်းခွင်မှာဝင်ရောက် လုပ်ကိုင်နေတဲ့ မိခင်အချို့က သူတို့ကိုယ်တွေ့ကို ပြောပါတယ်။
(မှတ်ချက် ။ ။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်းတွင် ဖော်ပြထားသော အမေနဲ့ကလေး ဝေးတဲ့အခါ (သို့) အမေတွေ အလုပ်လုပ်ကြတဲ့အခါ မျက်နှာဖုံးဆောင်းပါးမှ အချက်အလက်တချို့ ရယူထားပါတယ်၊)
Irrawaddy

မှတ်ချက်များ