ရခိုင်ပြည်နယ် တောင်ပိုင်းသို့ ဒေါ်စု (၃)ရက် ကြာသွားမည်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့ သုံးမြို့အား အောက်တိုဘာလ (၁၆)ရက်နေ့မှစ၍ သုံးရက်ကြာ မဲဆွယ်စည်းရုံးရေးခရီး သွားရောက်မည် ဖြစ်ကြောင်း ၎င်း၏ လုံခြုံရေးအရာရှိ ဦးဝင်းထိန်က The Messenger Media သို့ ပြောသည်။“ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်တွေကို သွားနေတဲ့ ရည်ရွယ်ချက်က တစ် အချက်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အောင်နိုင်ရေးလည်း ပါတယ်။ တိုင်းရင်းသား ချစ်ကြည်ရေးနဲ့ ပတ်သက်လို့ နောင်တစ်ချိန်မှာ ကျွန်တော်တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရေး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခြင်းအားဖြင့်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ဦးဝင်းထိန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ (၁၆)ရက်နေ့တွင် သံတွဲ မြို့သို့ ထွက်ခွာကာ တောင်ကုတ်မြို့၊ ဂွမြို့တို့တွင်လည်း မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး လုံခြုံရေးကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ(၁၆)ရက်နေ့တွင် သံတွဲမြို့ ဆေးရုံကြီး အနီးရှိကွင်းတွင် မိန့်ခွန်းပြောမည် ဖြစ်ပြီး၊ တောင်ကုတ်မြို့သို့ ဆက်လက်ထွက်ခွာကာ၊ တောင်ကုတ်မြို့တွင် မိန့်ခွန်းဆက်လက် ပြောကြားမည် ဖြစ်သည်။ ထို့နောက် ဂွမြို့သို့ ထွက်ခွာ၊ ညအိပ်မည်ဖြစ်ကာ ဂွမြို့တွင် (၁၈)ရက်နေ့ မိန့်ခွန်းပြောကြားပြီး ရန်ကုန်မြို့သို့ ပြန်လာမည် ဖြစ်ကြောင်း သိရသည်။

“ခရီးစဉ်နဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ အေးအေးဆေးဆေး ဖြစ်အောင် လုပ်နေပါတယ်။ အာဏာပိုင်တွေ ဆီကိုလည်း ခရီးစဉ်နဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။ သူတို့ဆီကတော့ အကြောင်း မပြန်သေးပါဘူး။ ပြည်သူတွေ ၀မ်းသာစရာဖြစ်အောင် ကြိုဆိုမှာပါ”ဟု ရခိုင်ပြည်နယ် NLD ဥက္ကဋ္ဌ ဦးညီပုက The Messenger Media သို့ ပြောသည်။

ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်း အရေးအခင်း မတိုင်မီ တစ်ခေါက်ရောက်ရှိခဲ့ပြီး ယခုမှသာ သွားရောက်ခြင်း ဖြစ်သည်။ ရခိုင်တွင် NLD သည် အမတ်နေရာ (၆၂)နေရာ ၀င်ပြိုင်မည်ဖြစ်သည်။

messenger news journal

မှတ်ချက်များ