အင်ဒိုနီးရှားကို ပုံတူကူးချင်သူများ
ဒီတပတ်ဟာ အင်ဒိုနီးရှားနိုင်ငံအတွက် ထူးခြားတယ်လို့ ဆိုရမှာပါ၊ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က အင်ဒိုနီးရှားမှာ လူပေါင်း ၅ သိန်းကျော်ကို အင်ဒိုနီးရှား တပ်မတော်က သတ်ဖြတ်ခဲ့တယ်။ အသေအချာ ပြုစုထားတဲ့ စာရင်းတွေအရဆိုရင် လူပေါင်း ၇ သိန်း ၅ သောင်း ကျော်ဟာ စစ်ကြောရေးစခန်း အကျဉ်းထောင်နဲ့ အလုံပိတ် စခန်းတွေထဲမှာ ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့မို့ပါပဲ။
ဒါဟာ ဖျောက်ဖျက်လို့ မရတဲ့ အင်ဒိုနီးရှားရဲ့ သမိုင်းအမည်းစက် ဖြစ်ပါတယ်။ သတ်ဖြတ်ခံရတဲ့ သူတွေဟာ ကွန်မြူနစ်တွေလို့ စွပ်စွဲခံရတဲ့သူတွေ ဖြစ်ပြီး သူတို့ကို အာဏာရခါစ ဆူဟာတိုအစိုးရက ရက်ရက်စက်စက် ချေမှုန်းခဲ့တာ ဖြစ်ပါတယ်။
ဒီလို သတ်ဖြတ်မှုတွေက ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး သတ်ဖြတ်ဖမ်းဆီး ထောင်ချခံခဲ့ရသူတွေအတွက် ယနေ့အချိန်အထိ အမှန်တရားနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တရားမျှတရေး တို့အတွက် ဘာမျှလုပ်ဆောင်ပေးခြင်း မရှိခဲ့သလို အခုအချိန်အထိ ဘယ်အစိုးရကမှလည်း အသိမှတ်ပြု ပြောကြားခြင်း၊ ဝန်ချတောင်းပန်ခြင်းတွေကို ပြုလုပ်ခြင်း မရှိသေးပါဘူး။
လူထုက တိုက်ရိုက် တင်မြောက်ခံခဲ့ရတဲ့ လက်ရှိသမ္မတ ဂျိုကိုဝီ ၀ီဒိုဒို တောင် လွန်ခဲ့တဲ့ နှစ် ၅၀ သမိုင်း အမည်းစက်ကို နှာစေးပြီး ခေါင်းရှောင်ခဲ့တာကို ရှက်ဖွယ်တွေ့ရပါတယ်။ တကယ်တော့ အင်ဒိုနီးရှားမှာ လုပ်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က မျိုးဖြုတ်သတ်ဖြတ်မှုဟာ ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းအမည်းစက်ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ထူးခြားတာက အနောက်အုပ်စုရဲ့ အင်ဒိုနီးရှားနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုပဲ ဖြစ်ပါတယ်။
အမေရိကန် အပါအဝင် အနောက်နိုင်ငံတချို့က ဆိုရှယ်လစ် ပေါ်လစီတွေကို အားသန်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် ဆူကာနို (သမ္မတဟောင်း မေဃာဝတီ ဆူကာနိုပူထရီရဲ့ ဖခင်) အစိုးရကို ဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်။
၁၉၆၅ ခုနှစ်မှာ တကယ်ပဲ ဖယ်ရှားနိုင်ခဲ့ပြီး အင်ဒိုနီးရှား တပ်မတော်ကို လက်နက်အင်အား ငွေအင်အား တောင့်တင်းအောင် လုပ်ပေးခဲ့ပါတယ်။ ဘီလျံနဲ့ ချီတဲ့ ဒေါ်လာငွေတွေကို အာဏာရှင် ဆူဟာတို အစိုးရအား ပုံအောပေးတဲ့ အချိန်မှာ ဆူဟာတိုနဲ့ အင်ဒိုနီးရှားစစ်တပ်က သတ်ထားတဲ့ လူတွေရဲ့ အလောင်းက သွေးနံ့တွေ မခြောက်သေးပါဘူး။
အခုအချိန်ထိလည်း အင်ဒိုနီးရှားနိုင်ငံမှာ သမိုင်းအမှန်တရားနဲ့ ရင်ကြားစေ့ရေးကို ဖော်ထုတ်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။
မြန်မာစစ်ခေါင်းဆောင်တွေ၊ အာဏာရှင်တွေဟာ အင်ဒိုနီးရှားရဲ့ အခြေခံဥပဒေနဲ့ စစ်ဘက်နှင့် အရပ်ဘက် ရောနှော ဥပဒေပြု အုပ်ချုပ်သည့် အယူအဆစနစ် (Dual function) ကို လေ့လာခဲ့တယ်ဆိုတာကို မကြာခဏ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အခုအချိန်အထိလည်း အင်ဒိုနီးရှားရဲ့ ပုံစံနဲ့ မော်ဒယ်ကို သွားရောက်လေ့လာနေဆဲ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တံခါးစဖွင့်တဲ့အချိန် ၂၀၁၁ – ၂၀၁၂ ကစပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံမှုတွေ စပြုလုပ်လာပါတယ်။ အဲဒီအချိန်မှာ မြန်မာရဲ့ အပြောင်းအလဲ Transition ကိုကြည့်ပြီး မြန်မာဟာ အင်ဒိုနီးရှားဆီက လေ့လာစရာတွေ ရှိနေတယ်လို့ သုံးသပ်စာတမ်းရေး သူတွေ ရှိခဲ့ပါတယ်။
မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီးတွေနဲ့ အင်ဒိုနီးရှား တပ်မတော်အကြား ကူးလူးဆက် ဆံမှုတွေ၊ Exchange program တွေလုပ်ဖို့အထိ စာတမ်းရေးသားတာတွေ ရှိခဲ့ပါတယ်။
တကယ်တော့ ကမ္ဘာမှာ လူဦးရေ စတုတ္တအများဆုံး နိုင်ငံဖြစ်သလို အစွန်းရောက် အစ္စလာမ် မွတ်ဆလင်တွေလည်း များတဲ့ နိုင်ငံကြီးဆီကနေ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ချင်တယ်လို့ ကြွေးကြော်နေတဲ့ မြန်မာဗိုလ်ချုပ်တွေ ဘာတွေကို ကော်ပီကူး အတုခိုးမလဲ ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ဘွင်းဘွင်းကြီး မြင်နေရတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ စစ်တပ်က အာဏာကို ဘယ်လို ဆက်ယူထားလဲ။ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို ဘယ်လို လက်လိမ်ချိုးခဲ့သလဲ။ အခွင့်အရေးသမားတွေကို ဘယ်လိုပေါင်းခဲ့သလဲနဲ့ အာဏာကို မင်းသား ခေါင်းစွပ်ပြီး နှစ်ရှည်လများ ဘယ်လိုတရားဝင် ဆက်ယူနေရမလဲဆိုတာတွေကို အိမ်မှာ ကျူရှင်ယူနေတာသာ ဖြစ်ပါတယ်။
ဧရာဝတီ

မှတ်ချက်များ