အာဖဂန် ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မိခြင်းသည် မှားယွင်းမှုတစ်ခုဟု အမေရိကန်စစ်တပ် ဝန်ခံ


အာဖဂန် နစ္စတန် နိုင်ငံရှိ တာလီဘန်တို့ သိမ်းပိုက်ခဲ့ရာ ကွန်ဒုဇ်မြို့မှ ဆေးရုံတစ်ရုံကို ဗုံးကြဲမိခြင်းသည် မှားယွင်းမှု တစ်ခုဖြစ်ကြောင်း အာဖဂန်ရှိ အမေရိကန် ဗိုလ်ချုပ်ကြီး တစ်ဦးက ဝန်ခံ ပြောကြားလိုက်သည်။

စက်တင်ဘာ လကုန်ပိုင်းက ကွန်ဒုဇ်မြို့ကို တာလီဘန်တို့ကို ရုတ်တရက် စီးနင်း တိုက်ခိုက်ခဲ့ရာ မြို့စောင့်တပ်မှာ မြို့ပြင် လေဆိပ်သို့ ဆုတ်ခွာခဲ့ရသည်။ ထို့နောက် အာဖဂန် တပ်များက မြို့ကို ပြန်လည် သိမ်းယူရန် တိုက်စစ်ဆင်ခဲ့ရာ အမေရိကန်က လေကြောင်းမှ ပစ်ကူ ပေးခဲ့သည်။ သို့သော် အမေရိကန် လေယာဉ်တစ်စီးက ကွန်ဒုဇ်ရှိ ဆေးရုံကို မှားယွင်း ဗုံးကြဲခဲ့ရာ အနည်းဆုံး လူ ၂၂ ဦးမျှ သေဆုံးခဲ့သည်။

ဗိုလ်ချုပ်ကြီး ဂျွန်ကမ့်ဘဲလ်က အမေရိကန် စစ်တပ်သည် နိုင်ငံတကာ စံနှုန်းများကို လေးစားလိုက်နာပြီး ကျန်းမာရေးဌာနဆိုင်ရာ အဆောက်အအုံများကို မည်သည့် အခြေအနေတွင်မျှ ပစ်မှတ်ထား တိုက်ခိုက်မည် မဟုတ်ဟု ဖြေရှင်းခဲ့သည်။ ကွန်ဒုဇ်ရှိ ဆေးရုံကို ဗုံးကြဲမိခြင်းသည် ရည်ရွယ်ချက် မပါသော အမှား သက်သက်သာ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

AC-130 လေယာဉ်ကြီး တစ်စီး၏ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ကမ့်ဘဲလ်က “ကွန်ဒုဇ်မှာ လေကြောင်းပစ်ကူ ပေးခဲ့တာဟာ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒီဆုံးဖြတ်ချက်ကို ကာကွယ်ရေး ဦးစီးချုပ် အသိုက်အဝန်းက ချမှတ်တာ ဖြစ်ပါတယ်။ ဆေးရုံကတော့ မှားယွင်းပြီး တိုက်ခိုက်မိတာပါ။ ကျွန်တော်တို့ အနေနဲ့ ကျင့်ဝတ်ပိုင်းအရ ရှောင်ရှားရမယ့် ကိစ္စတစ်ခုကို ဘယ်တော့မှ ကျူးလွန်မှာ မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကို ရည်ရွယ်ချက်နဲ့ ဘယ်တော့မှ မတိုက်ခိုက်ပါဘူး”ဟု ဖြေရှင်းခဲ့သည်။

အိမ်ဖြူတော်ကလည်း အောက်တိုဘာ ၃ ရက်က နယ်စည်းမခြား ဆရာဝန်များ အဖွဲ့၏ ဆေးရုံ တိုက်ခိုက် ခံရမှုအတွက် အထူးဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို ဖြစ်စဉ်အပေါ် စုံစမ်းရန် အမေရိကန် တရားရေး ဝန်ကြီးဌာနကို တာဝန်ပေးအပ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုယ်တွေ့ကြုံခဲ့သူများ၏ အဆိုအရ လေယာဉ်သည် ဆေးရုံပေါ်တွင် လှည့်ပတ် ပျံသန်းရင်း ပင်မ အဆောက်အအုံကို အကြိမ်ပေါင်း အတော်များများ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အခြား အဆောက်အအုံ အများစုမှာ ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

7day

မှတ်ချက်များ