ဆရာဝန်များက ဆယ်ကျော်သက်တစ်ဦး၏ သွား ၂၃၂ချောင်းကို နှုတ်
သွားဆရာဝန်ဆီ မသွားချင်ဘူး မဟုတ်လား။ Ashik Gavai ဆိုတဲ့ ဆယ်ကျော်သက်လောက်တော့ မဆိုးလောက် ပါဘူး။
အသက် ၁၇နှစ်အရွယ် Ashik Gavai ဆိုသူဟာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမှာရှိတဲ့ သွားဆရာဝန်ဆီမှာ နာရီနဲ့ချီပြီး သွားအနှုတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ ညာဘက်မေးရိုးမှာ ပုံမှန်မဟုတ်တဲ့ သွားတွေ ပေါက်နေလို့ပါပဲ။ ဒါက ရှားရှားပါးပါး ရောဂါတစ်မျိုးပါ။ သွား ၂၃၂ ခုဟာ ပေါက်နေတာကို ဆရာဝန်တွေ သိလိုက်ရတဲ့ အခါမှာ အံ့အားသင့်ခဲ့ကြပါတယ်။
“သွားတွေက အရွယ်အစား မတူညီကြဘူး။ တချို့သွားတွေက မုန်ညင်းစေ့လောက်ပဲရှိပေမဲ့ တချို့သွားတွေက ကျောက်ဒိုးလောက်ကြီးတွေ။ ဒါတွေအကုန်လုံးက အံသွားတစ်ချောင်းတည်းကနေ ဖြစ်လာတာ။ ဒါမျိုးက ရှားမှရှားပဲ။” လို့ JJ ဆေးရုံ၊ သွားဘက်ဆိုင်ရာဌာန ဦးစီးဖြစ်တဲ့ ဒေါက်တာ Sunanda Dhivare-Palwankar ကပြောခဲ့ပါတယ်။
Gavai ဟာ ဒီလိုဖြစ်နေတာကို လွန်ခဲ့တဲ့ ၁ နှစ်ခွဲ လောက်ကတည်းက သိခဲ့ပေမဲ့ သူ့ရွာက ဆရာဝန်ဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အဖြေမရှာနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ လကစပြီး သူအရမ်း နာခဲ့တာပါ။ အဲ့ဒီ့နောက်မှာတော့ သူဟာ Complex Composite Odontoma ဖြစ်နေတာလို့ ဆရာဝန်တွေက ရောဂါအဖြေရှာနိုင်ခဲ့ပါတယ်။ အန္တရာယ် မရှိတဲ့ သွားအကျိတ် ဖြစ်တာပါ။ ဒါဟာ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ဒီအကျိတ်မျိုးဖြစ်ရင် အစာစားရတာ အခက်အခဲရှိလာပြီး မျက်နှာပုံလဲ ပျက်လာပါတယ်။
“သူ့အခြေအနေက ကင်ဆာဖြစ်နိုင်မလား စိုးရိမ်လို့ ကျွန်တော် သူ့ကို မွန်ဘိုင်းကို ခေါ်လာတာ။” လို့ Gavai ရဲ့ဖခင်ဖြစ်သူ Suresh Gavai ကပြောခဲ့ပါတယ်။
“အခုတော့ သူ့မျက်နှာ ပြောင်းလဲသွားပြီ။ ပုံမှန် ကျန်းကျန်းမာမာ ဘဝကို သူ တကယ်ပိုင်ဆိုင်ရတော့မှာပါ။” လို့ ဒေါက်တာ Dhivare-Palwankar က ပြောခဲ့ပါတယ်။
Skyler - သစ်ထူးလွင်
Ref: Huffingtonpost


မှတ်ချက်များ