သံချေးတက်နေတဲ့ခွဲစိတ်ဓား၊ အလင်းရောင်ချို့တဲ့နေတဲ့ခွဲစိတ်ခန်းတွေနဲ့ မြောက်ကိုရီးယားဆေးရုံများ








မြောက်ကိုရီးယားနိုင်ငံကို ပညာသင်ဖလှယ်ရေးအစီအစဉ်နဲ့သွားရောက်ခဲ့တဲ့ အမေရိကန်ဆေးကျောင်းသားဖြစ်သူ ရိုဆီယာချားဟာ အဲဒီနိုင်ငံမှာပညာသင်ယူနေတုန်းက ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေကို ဖွင့်ထုတ်လိုက်ရာမှာ ကွန်မြူနစ်နိုင်ငံရဲ့ကျန်းမာရေးစနစ်က ထင်ထားတာထက်ဆိုးရွားနေတာကို အားလုံးအံ့သြတကြီးဖြစ်ခဲ့ရပါတယ်။ ချားကတော့ မြောက်ကိုရီးယားဆရာဝန်တွေဟာ ထက်မြက်တယ်၊ ပညာမာနမရှိဘူး၊ လူတွေအပေါ် မေတ္တာစေတနာထားတယ်လို့ ဆိုပေမယ့် သူတို့အသုံးပြုရတဲ့ ခွဲစိတ်ခန်းသုံးကိရိယာတွေကတော့ တော်တော်လေးအဆင့်အတန်းနိမ့်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ချားရောက်ရှိသွားတုန်းကတွေ့ခဲ့ရတာတွေကတော့ သံချေးတက်နေတဲ့ခွဲစိတ်ခန်းသုံးဓားတွေ၊ ခွဲစိတ်ခန်းမျက်နှာကြက်ထက်မှာ လျော့တိလျော့ရဲဖြစ်နေတဲ့ ခွဲစိတ်ခန်းသုံးမီးတွေပါဝင်ပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာအလျှို့ဝှက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်သူတစ်ဦးအတွက် တစ်နှစ်ကို ကျန်းမာရေးအသုံးစရိတ် ၁ ပေါင်သာ အသုံးပြုပါတယ်။ အခက်အခဲမျိုးစုံရှိကြတဲ့ဆေးရုံတွေဟာ လျှပ်စစ်မီး၊ အနွေးပေးစက်တွေမရှိသလို ဆရာဝန်တွေဟာလည်း မှုန်တိမှုန်ဝါးဖယောင်းတိုင်အလင်းရောင်နဲ့သာ အလုပ်လုပ်ကြရပါတယ်။

သန့်စင်ထားခြင်းမရှိတဲ့ ဆေးထိုးအပ်တွေကို ပြန်လည်အသုံးပြုတာ၊ အကြီးစားခွဲစိတ်ကုသမှုတွေမှာ မေ့ဆေးမသုံးတာတွေရှိတယ်လို့လည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့လေ့လာမှုအရ သိရပါတယ်။ ပိုဆိုးတာကတော့ အစားအသောက်ရှားပါးမှုနဲ့ ကူးစက်ရောဂါတွေကြောင့် အာဟာရဓာတ်ချို့တဲ့ခြင်းတွေ အဖြစ်များတာပါပဲ။ အစိုးရကတော့ အခက်အခဲတွေပြေလည်အောင် တစ်နေ့ကို ၂ နပ်ပဲစားကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပြန်ပါတယ်။

ကွန်မြူနစ်နိုင်ငံမြောက်ကိုးရီးယားဟာ ၁၉၉၀ ပြည့်နှစ်တွေက ငတ်မွတ်မှုကြောင့် လူ ၁ သန်း သေဆုံးခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအကူအညီတွေကို အားကိုးနေရပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကလည်း ငွေစက္ကူတန်ဖိုးပြန်လည်ပြောင်းလဲခဲ့လို့ ဆန်ဈေးတွေ ညတွင်းချင်း ၂ ဆဖြစ်သွားခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာဟာ ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ