လမ်းပေါ်အပေါ့သွားနေတုန်း ရဲမိလို့ ပါလာတဲ့သေနတ်ကိုလွှင့်ပစ်ဖို့ကြိုးစားတဲ့အချိန်...
ကံတရားရဲ့လှည့်စားချက်တွေက တစ်ခါတရံမှာ လူ့ဦးနှောက်နဲ့လိုက်လို့မမီအောင်ဖြစ်တတ်ပါတယ်။ အခုအဖြစ်အပျက်ကလည်း တော်တော်ကြီးဆန်းကြယ်ပြီး ကာယကံရှင်အတွက်တော့ ခံစားရမလွယ်တဲ့အနေအထားဖြစ်နေပါတယ်။
အမျိုးသားတစ်ဦးဟာ လွယ်မထားနိုင်တဲ့ အပေါ့သွားလိုစိတ်ကို လမ်းဘေးမှာဖြေရှင်းနေတဲ့အချိန် ရဲကတွေ့သွားခဲ့လို့ သူ့ဆီမှာပါလာတဲ့သေနတ်ကိုလွှင့်ပစ်ဖို့ကြိုးစားတဲ့အချိန် မတော်တဆကျည်ထွက်သွားပြီး ကိုယ့်ကိုယ်ကိုယ်ပစ်မိသလိုဖြစ်သွားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဟားဗီးယားသောမတ်စ်လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ စနေ့နေ့မနက်ပိုင်းက ဘရွတ်ကလင်းလမ်းတစ်လမ်းမှာ အပေါ့သွားနေတုန်း ရဲကတွေ့သွားခဲ့တဲ့အချိန် သူယူလာတဲ့ 9 mm Glock ပစ္စတိုကို လွှင့်ပစ်ဖို့ အိတ်ထဲထုတ်လိုက်ပါတယ်။
ဒါပေမဲ့ အလျင်စလိုစိတ်ကြောင့် သူဟာ ခလုတ်ကိုမတော်တဆဆွဲလိုက်မိပြီး လူကြားသူကြားမှာပဲ ကိုယ့်ကိုယ်ကိုယ်သေနတ်နဲ့ပစ်မိသွားခဲ့တယ်လို့ သိရပါတယ်။ တစ်ခုရှိတာကတော့ သေနတ်ကိုသူထည့်ထားတာက ဘောင်းဘီရှေ့အိတ်ထဲမှာပါ။
သောမတ်စ်ကို ကင်းစ်ကောင်တီဆေးရုံပို့ပေးခဲ့ရပြီး အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် လက်နက်ကိုင်ဆောင်မှု၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ပေါ့လျော့မှုစွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကဆိုခဲ့ပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ