ဖြည်းဖြည်းချင်းပျောက်ဆုံးနေသော အံ့ဖွယ်ကမ္ဘာတစ်ခု
မြန်မာနိုင်ငံရဲ့တောအုပ်တစ်ခုအလယ်မှာ ဖြည်းဖြည်းချင်းပျက်စီးယိုယွင်းလာနေတဲ့ ရှေးဟောင်းစေတီတွေရှိရာ အံ့သြဖွယ်နေရာတစ်ခုတည်ရှိနေပါတယ်။ နာမည်ကျော်အင်းလေးကန်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်တည်ရှိတဲ့ အဲဒီနေရာကိုတော့ ပြင်ပကမ္ဘာကနေ ရေလမ်းခရီးနဲ့သာ ၀င်ရောက်နိုင်ပါတယ်။ ဘယ်နေရာကနေ ဘယ်လိုသွားရမလဲဆိုတာ သိသူတွေက ဒေသခံတွေသာဖြစ်ပေမယ့် ဒီခရီးက သွားရကျိုးနပ်စေမှာပါ။ အင်းတိန်ရွာဟာ အံ့သြမင်သက်စရာ စေတီပုထိုးတွေနဲ့ ရောက်လာသူအားလုံးကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
အင်းတိန်လှေဆိပ်ကိုရောက်ရှိလာတဲ့ ခရီးသွားဧည့်သည်တွေဟာ ပထမဆုံးအနေနဲ့ ပျော်ရွှင်စရာဈေးနေ့တွေ၊ နွားတွေနဲ့ အ၀တ်လျှော်နေတဲ့အမျိုးသမီးတွေကို အရင်ဆုံးတွေ့မြင်ရမှာပါ။ ၀န်းကျင်က ခေတ်နောက်ကျနေပေမယ့် လမ်းနည်းနည်းလောက်လျှောက်လိုက်ရင် သစ်ပင် သစ်ရွက်တွေကြားမှာ ပျောက်ကွယ်နေတဲ့ စေတီတွေကို မြင်တွေ့ရပါလိမ့်မယ်။
ရွှေအင်းတိန်ဘုရားတွေဟာ ထောင်ပေါင်းများစွာရှိပြီး စေတီအများစုမှာ လက်ရာမြောက်ပန်းကနုတ်တွေ၊ ရုပ်တုတွေ တွေ့မြင်ရမှာဖြစ်ပါတယ်။ စေတီတော်တော်များများပျက်စီးယိုယွင်းနေပမယ့် တချို့စေတီတွေကတော့ ရွှေရောင်ဝင်းဝါစွာနဲ့ ကြည်ညိုစရာဖြစ်နေတာကတော့ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေကြောင့်ပဲ ဖြစ်ပါတယ်။
တချို့စေတီတွေကတော့ သဘာဝတရားကြောင့် ဖြည်းဖြည်းချင်းပျက်စီးယိုယွင်းလာနေပြီး တောတွင်းတချို့နေရာတွေက ရှေးဟောင်းစေတီတွေကိုဆိုရင် ဒေသခံတွေအတော်များများတောင် မသိကြတဲ့အထိဖြစ်နေပါတယ်။ အင်းတိန်ဘုရားတွေရဲ့မူလအစဟာ ဘီစီ ၃ ရာစု လောက်ကလို့သိရပြီး စေတီအများစုကို တည်ထားခဲ့တာကတော့ ၁၇-၁၈ ရာစုလောက်မှလို့ သိရပါတယ်။ သုတေသနသမားတွေကတော့ အစောဆုံးစေတီဟာ ၁၄ ရာစုကလို့ ဆိုထားပါတယ်။ ဒေသခံဘုန်းတော်ကြီးတွေက ရှေးဟောင်းစေတီတွေကို ဆက်လက်ထိန်းသိမ်းဖို့ကြိုးပမ်းပေမယ့် တချို့စေတီတွေကတော့ တောအုပ်ထဲမှာ လူမမြင်သူမမြင်အနေအထားနဲ့ ပျက်စီးပျောက်ကွယ်သွားခဲ့ကြပါတယ်။
မူရင်းဆောင်းပါးထဲမှာမပါဝင်တဲ့ ရွှေအင်းတိန်ရဲ့တခြားမရောက်မဖြစ်နေရာကတော့ Bamboo Street လို့ နိုင်ငံခြားသားတွေခေါ်ကြပြီး သာယာလှပအေးချမ်းတဲ့ ၀ါးရုံပင်လမ်းလေးပါပဲ။
Ref: Dailymail (မူရင်းဓာတ်ပုံဆောင်းပါးအား ဆီလျော်အောင်ပြန်ဆိုပါသည်)
ညီမင်းဟန်(ဆန္ဒကူး)


























မှတ်ချက်များ