ထောင်ထဲကလစ်ထွက်လာပြီး ဟိုတယ်မှာ ခပ်တည်တည်နဲ့ အပန်းဖြေတဲ့လင်မယား



နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်္ဂလန်အကျဉ်းထောင်တစ်ခုက ထောင်ဒဏ်ကျအကျဉ်းသားတစ်ဦးဟာ ခပ်တည်တည်နဲ့ထောင်ထဲကထွက်သွားပြီး သူ့ဇနီးနဲ့အတူ ဇိမ်ခံဟိုတယ်တစ်ခုမှာ သွားရောက်တည်းခိုခဲ့တဲ့အပြင် Executive အခန်းကိုတောင် ငှားရမ်းခမပေးရဖို့ ဟိုတယ်ဝန်ထမ်းတွေကို လှည့်စားခဲ့ပါသေးတယ်။ အသက် ၂၆ နှစ်အရွယ် ဒေါက်ဂလပ်စ်ဝက်ဒ်ဟာ North Sea Camp အကျဉ်းထောင်ရဲ့ တန်းစီလူစစ်ချိန် အနည်းဆုံး ၄ ကြိမ်လောက်ကို ရှောင်ရှားပြီးတော့ သူ့ဇနီးအိုင်လင်းနဲ့အတူ စနေ၊ တနင်္ဂနွေ ၂ ရက်ကို အပန်းဖြေခရီးထွက်သလို နေထိုင်ခဲ့ပါတယ်။

ဝက်ဒ်ဟာ လက်နက်ကိုင်ရမ်းကားမှုနဲ့ ထောင်ဒဏ် ၅ နှစ်ကျော်ကျခံထားရသူဖြစ်ပြီး ဟိုတယ်ဝန်ထမ်းတွေက သူ့ကိုမသင်္ကာဖြစ်လာတဲ့အချိန်မှာ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုဝင်ကြည့်တော့မှ ထောင်ဒဏ်ကျခံနေရသည်ဆိုတဲ့ သူတင်ထားတဲ့စာသားကို တွေ့လိုက်ကြတာဖြစ်ပါတယ်။

ပြီးတော့ ၀က်ဒ်ဟာ ဟိုတယ်အခန်းထဲက မီနီဘားမှာ သူတို့လင်မယားသောက်နေကြတဲ့ပုံကို တင်ထားခဲ့တာကြောင့် သူ့သူငယ်ချင်းတွေကတောင် ထောင်ကလွတ်ပြီးလားလို့ လှမ်းမေးခဲ့ရပါတယ်။ အဲဒီမေးခွန်းကိုတော့ ၀က်ဒ်က ခဏထွက်လာတာလို့ ခပ်ကြွားကြွားလေး ပြန်ဖြေထားတာတွေ့ပါတယ်။

ဝက်ဒ်ရဲ့ဇနီးဟာလည်း ဟိုတယ်ကို တခြားနာမည်နဲ့ဝင်လာခဲ့သလို ရုပ်ဖျက်ဆေးတွေသုံးထားသလို ရင်သားအတုလည်း တပ်ထားတယ်လို့ ဟိုတယ်မန်နေဂျာက ပြန်ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူတို့လင်မယားဟာ တစ်ညကို ပေါင် ၁၁၀ ပေးရတဲ့ အလကားတည်းရအောင် ဟိုတယ်ခန်းထဲက ခေတ်ဟောင်းကုလားထိုင်ကျိုးသွားတဲ့အချိန် ခြေကျင်းဝတ်ဒဏ်ရာရသွားလို့ ဆေးရုံသွားရတယ်လို့လည်း လိမ်လည်ခဲ့သေးပါတယ်။

သူတို့လင်မယားရဲ့ဆင်လုံးတွေက ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ နောက်တစ်ညအလကားတည်းရအောင် သူတို့မြို့ကို ကားမောင်းပြန်နိုင်လောက်တဲ့အထိ ဒဏ်ရာမသက်သာသေးလို့ နောက်တစ်ရက်ဆက်တည်းမယ်လို့လည်း ဟိုတယ်ဝန်ထမ်းတွေကို ဆိုခဲ့ပါသေးတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ ဆေးရုံကစည်းပေးလိုက်တဲ့ ပတ်တီးပုံစံမျိုးဖြစ်မနေတဲ့ ၀က်ဒ်ရဲ့ခြေကျင်းဝတ်ကိုကြည့်ပြီး ဟိုတယ်ဝန်ထမ်းတွေက အွန်လိုင်းပေါ် တက်လေ့လာရာကတစ်ဆင့် အဖြစ်မှန်တွေ ပေါ်ပေါက်သွားခဲ့ပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ