အသက် ၇၇ နှစ်အရွယ် အမျိုးသားကြီးက အင်္ဂလိပ်လို တစ်လုံးမှမပြောတတ်သလို ကျေးဇူးတင်ပါတယ်လို့ မြန်မာလိုပြောဖို့အတွက်လည်း ကျွန်တော့်အတွက်စကားလုံးအသုံးအနှုန်းတွေက အကန့်အသတ်ရှိနေပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ပင်းတယမြို့ရဲ့တောင်ကုန်းပေါ်က သူ့အိမ်လေးကိုဖိတ်ခေါ်ခံရတဲ့အထိ ဆက်သွယ်ပြောဆိုနိုင်ခဲ့ပါတယ်။
ပင်းတယမြို့နားက တောအုပ်ထဲကို ကျွန်တော်ခြေလျင်ခရီးထွက်အပြီးမှာပဲ လမ်းညွှန်က ကျွန်တော့်ကို ဒေသခံအမျိုးသားတစ်ဦးရဲ့အိမ်မှာ နေ့လယ်စာဝင်စားမယ်လို့ ပြောခဲ့ပါတယ်။ လုံချည်လို့ခေါ်ဝေါ်ကြတဲ့ မြန်မာ့ရိုးရာအ၀တ်အစားကိုဝတ်ဆင်ထားတဲ့ အမျိုးသားကြီးက ကျွန်တော့်ကိုမေးပါတယ်။ အတိအကျပြောရရင်တော့ ခြေဟန်လက်ဟန်နဲ့ သူ့မှတ်စုစာအုပ်ထဲမှာ ကျွန်တော့်နာမည်နဲ့ ဘယ်နိုင်ငံသားဆိုတာရေးပေးဖို့ ပြောတာပါ။ သူကလည်း ဆွဲဖြဲထားတဲ့စာရွက်တစ်ရွက်ပေါ်မှာ သူ့နာမည်ကို လှပတဲ့မြန်မာအက္ခရာတွေနဲ့ရေးပြီး ကျွန်တော့်ကိုပေးပါတယ်။ အင်္ဂလိပ်စကားအနည်းငယ်သာတတ်တဲ့ ကျွန်တော့်လမ်းညွှန်ကို ဘာသာပြန်ပေးဖို့ အကူအညီတောင်းတော့ သူကလည်း မကူညီနိုင်ပါဘူး။ အဲဒါကြောင့် အမျိုးသားကြီးကိုပဲ သူ့နာမည်ကို အထပ်ထပ်ပြောခိုင်းပြီး အင်္ဂလိပ်လို အသံထွက်ချရေးခဲ့တဲ့အခါ U Kah Poh လို့ သိခဲ့ရပါတယ်။
တချို့လူတွေကတော့ မြန်မာပြည်ခရီးအတွေ့အကြုံတွေကို စိတ်ညစ်ကြမှာဖြစ်ပေမယ့် ကျွန်တော်ကတော့ မိနစ်တိုင်းမှာ ပျော်ရွှင်ခဲ့ပါတယ်။ အဲဒီလိုအတွေ့အကြုံမရခင်မှာ အမေရိကန်ကိုမပြန်ခင် တစ်ယောက်တည်းခရီးထွက်ဖို့အတွက် ၆ လ လောက်စဉ်းစားခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာ အချိန်ကြာခဲ့လို့ ပင်ပန်းနွမ်းနယ်တဲ့ကျွန်တော်ဟာ ဆုံးချက်ဖြတ်အတွက် တွေဝေမှုတွေရှိနေပြီး တစ်ယောက်တည်း သီတင်းပတ်အနည်းငယ် ခရီးထွက်နိုင်ပါ့မလားလို့ တွေးတောမိခဲ့ပါတယ်။
အဲဒီလိုနဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဆယ်စုနှစ်များစွာနေခဲ့ရပြီး အရပ်သားအစိုးရတက်လာချိန်ကစလို့ ကျွန်တော်လည်ပတ်ဖို့ဆန္ဒရှိခဲ့တဲ့ မြန်မာနိုင်ငံကို ရောက်ရှိသွားခဲ့ပါတယ်။ အကြီးဆုံးမြို့တော်ရန်ကုန်ကို လေကြောင်းကနေ ရောက်ရှိလာပြီးနောက်မှာ ဟဲဟိုးကို လေယာဉ်နဲ့ပဲ ခရီးဆက်ခဲ့ပါတယ်။ ဟဲဟိုးလေဆိပ်ကနေတစ်ဆင့် တစ်နာရီကြာကားစီးရတဲ့၊ ပန်းပုရုပ်တုနဲ့ ဗုဒ္ဓရုပ်ပွားတော် ၈၀၀၀ ကျော်ရှိရာ နာမည်ကျော်ထုံးကျောက်လှိုဏ်ဂူတွေရှိတဲ့ ပင်းတယကိုခရီးဆက်ခဲ့ပါတယ်။ အများပြည်သူဝင်ရောက်လေ့လာကြည့်ရှုနိုင်တဲ့ ထုံးကျောက်လှိုဏ်ဂူထဲမှာတော့ အကြီး၊ အသေးစုံတဲ့ ပန်းပုတွေ၊ ရုပ်တုတွေ စုံလင်စွာရှိနေပါတယ်။ လာရောက်ကြတဲ့ဧည့်သည်တွေဟာ ရွှေဥမင်ဘုရားကို တက်ရောက်ဖူးမျှော်ကြသလို လှိုဏ်ဂူထဲမှာလည်း လမ်းမပျောက်သွားအောင် ကြိုးစားကြပါတယ်။
မနက်အစောပိုင်းကလည်း ၅ ရက်တစ်ခါမှ ရောင်းချတဲ့ ပင်းတယဈေးကို ကျွန်တော်ရောက်ခဲ့ပါသေးတယ်။ အဲဒီဈေးမှာ ရောင်းချသူတွေဟာ အစားအသောက်တွေ၊ လက်မှုပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းနဲ့ တခြားဟာတွေကို ရောင်းဝယ်နေကြပါတယ်။ ဘာသာစကားအခက်အခဲတွေရှိပေမယ့် အားလုံးကတော့ ဖော်ရွေပြီး ကူညီတတ်ကြတာကို တွေ့ရပါတယ်။ ဖုန်းဆိုင်တစ်ဆိုင်ကိုသွားပြီး ကျွန်တော့်ဆင်းကတ်အတွက် အကူအညီတောင်းတော့လည်း လက်ဟန်ခြေဟန်နည်းနည်းပြလိုက်တာနဲ့ ဆိုင်ဝန်ထမ်းတွေက ကျွန်တော်အင်တာနက်သုံးချင်တယ်ဆိုတာကို နားလည်သွားကြပါတယ်။
အဲဒီနောက်မှာတော့ ပုန်းတလုတ်ကန်ကိုမသွားခင် ပင်းတယမြို့တစ်ပတ် ကျွန်တော်စက်ဘီးစီးခဲ့ပါတယ်။ ပုန်းတလုတ်ကန်အရောက်မှာတော့ နေရာသစ်ကိုလာလည်ရလို့ တည်နေရာမသိတဲ့အခက်အခဲတွေ၊ ဘာသာစကားမကျွမ်းကျင်မှုတွေရှိပေမယ့် ပင်းတယမှာ ကျွန်တော်ဆုံခဲ့တဲ့လူတွေက ဖော်ရွေတယ်၊ ခင်မင်တတ်တယ်၊ ကူညီလိုစိတ်ရှိတယ်ဆိုတာကို တွေးနေမိပါတော့တယ်။
Ref: sfgate.com (မှတ်ချက် - AP သတင်းဌာနမှ Kristi Eaton ၏ မူရင်းသတင်းဆောင်းပါးကို အခြားသတင်းဝက်ဘ်ဆိုက် ၄-၅ ခုက ပြန်လည်ဖော်ပြမှုများရှိခဲ့သည်)
ညီမင်းဟန်(ဆန္ဒကူး)


မှတ်ချက်များ