မိုးရွာရင် နှာချေတဲ့မျောက်နဲ့ လမ်းလျှောက်ငါးအပါအ၀င် မျိုးစိတ်သစ်များ ထပ်မံတွေ့ရှိ





လမ်းလျှောက်တတ်တဲ့ငါးနဲ့ မိုးရွာရင်နှာချေတဲ့မျောက်အပါအ၀င် မျိုးစိတ်သစ် ၂၀၀ ကို ဟိမ၀န္တာအရှေ့ပိုင်းမှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဧ၀ရတ်တောင်တန်းလို့လူသိများတဲ့ ဒီတောင်တန်းတွေရဲ့ သစ်တောတွေ၊ တောင်ကြားတွေနဲ့ ရေကန်တွေဟာ အရင်ကမသိရှိခဲ့တဲ့ မျိုးစိတ်တွေ တည်ရှိရာအရပ်ပဲဖြစ်ပါတယ်။

ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းက နီပေါ၊ ဘူတန်၊ မြန်မာနိုင်ငံမြောက်ဖျား၊ တိဗက်တောင်ပိုင်း၊ အိန္ဒိယအရှေ့မြောက်ဘက်တို့ပါဝင်တဲ့ ဒီအရပ်ကနေ မျိုးစိတ်သစ်တွေအဖြစ် အပင် ၁၃၃ မျိုး၊ ကုန်းနေရေနေငါး ၁၀ မျိုးပါဝင်တဲ့ ငါးမျိုးစိတ် ၂၆ မျိုး၊ တွားသွားသတ္တ၀ါ ၁ မျိုး၊ ငှက်မျိုးစိတ် ၁ မျိုးနဲ့ နို့တိုက်သတ္တ၀ါ ၁ မျိုး အသစ်တွေ့ရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ဒီထဲကမှ အထူးဆန်းဆုံးမျိုးစိတ်ကတော့ အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်က လီဖရာဂူရီနွံအိုင်မှာတွေ့ရတဲ့ အပြာရောင်လဲ့လဲ့မြွေပုံစံဦးခေါင်းရှိပြီး လမ်းလျှောက်တတ်တဲ့ ငါးမျိုးစိတ်တစ်မျိုးပါပဲ။

ဒီငါးဟာ လေကိုရှုသွင်းနိုင်ပြီး ကုန်းပေါ်မှာ ၄ ရက်အထိ အသက်ရှင်နေနိုင်သလို စိုစွတ်တဲ့မြေပြင်ပေါ်မှာလည်း ၂ ဖာလုံလောက်အထိ လူးလွန့်ပြီး ခရီးသွားနိုင်ပါတယ်။ ဒီငါးဟာ ရန်လိုတတ်တဲ့ဗီဇရှိတာကြောင့် Fishzilla လို့လည်း ခေါ်ပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမြောက်ဖျားက တောနက်တွေထဲမှာ နှာခေါင်းထိပ်လန်နေတဲ့ မျောက်မျိုးစိတ်သစ်တစ်မျိုးကိုလည်း တွေ့ရှိခဲ့ပြီး နှာထိပ်လန်မျောက်လို့ နာမည်ပြောင်ပေးထားပါတယ်။

ဒေသခံတွေရဲ့အဆိုအရတော့ အဲဒီမျောက်တွေဟာ မိုးရွာချိန်ဆိုရင် ထိပ်လန်နေတဲ့နှာခေါင်းတွေ မိုးစက်တွေဝင်လို့ နှာချေကြတာကြောင့် မိုးရွာချိန်မှာ ရှာရပိုလွယ်တယ်လို့ သိရပါတယ်။

နှာထိပ်လန်မျောက်တွေဟာ အဲဒီပြဿနာကိုရှောင်ရှားနိုင်ဖို့ မိုးရွာချိန်မှာ ဒူး ၂ လုံးကြားထဲ ခေါင်းထည့်ထားကြတယ်လို့လည်း ဆိုပါတယ်။

တခြားတွေ့ရှိမှုအသစ်တွေကတော့ အစက်အပြောတွေပါတဲ့ နှံပြီစုတ်မျိုးစိတ်သစ်၊ မျက်လုံးအပြာနဲ့ ဖား စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် အဲဒီကြေညာချက်မှာ အသစ်တွေ့ရှိတဲ့ ဒီမျိုးစိတ်တွေဟာ မျိုးသုဉ်းမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ သတိပေးခဲ့ပြီး လူဦးရေတိုးပွားမှု၊ သစ်တောပြုန်းတီးမှု၊ ခွင့်ပြုချက်မဲ့ အမဲလိုက်မှု၊ သတ္တုတူးဖော်မှု၊ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု၊ လေထုညစ်ညမ်းမှုနဲ့ ဆည်တည်ဆောက်မှုတွေကြောင့် ဟိမ၀န္တာက သဘာဝတရားတွေ ပျက်စီးနိုင်ခြေများနေတာကြောင့် အားလုံးပူးပေါင်း ကာကွယ်စောင့်ရှောက်ဖို့ တိုက်တွန်းထားပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ