ကမ္ဘာမှာ အကောင် ၈၀၀ သာ ကျန်တဲ့ ရှားပါး ခွေးမျိုးစိတ် Phu Quoc Ridgebacks
Phu Quoc Ridgebacks လို့ အမည်ရတဲ့ ခွေးမျိုးဟာ ဗီယက်နမ် နိုင်ငံက ကျွန်းငယ် တစ်ခုကနေ ထွက်ရှိပါတယ်။ အမည် Phu Quoc Ridgebacks ဟာလည်း လှပသော ကျွန်းလို့ အမည်ရပြီး ခွေးကို ယင်းကဲ့သို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ ပထမဆုံး ကျား၊ မ တစ်တွဲကို အင်္ဂလန်ရှိ စီးပွားရေး လုပ်ငန်းပိုင်ရှင် တစ်ဦးမှ ဗီယက်နမ်ကနေ ဆုလက်ဆောင် အဖြစ် ရရှိခဲ့ပါတယ်။
အင်္ဂလန်မှာ မွေးထားစဉ် ခွေးပေါက်လေး လေးကောင် မွေးဖွားပါတယ်။ ယင်း ခွေးပေါက် Phu Quoc တစ်ကောင်ရဲ့ တန်ဖိုးဟာ ပျမ်းမျှအားဖြင့် ဗြိတိန်ပေါင် ၁ သောင်းဝန်းကျင် မက ရှိပါတယ်။ ရှစ်လ ဝန်းကျင်ပဲ ရှိသေးတဲ့ ခွေးပေါက်စလေးများ ဖြစ်ပါတယ်။ သူတို့ဟာ အခြားခွေးများထက် ဥာဏ်ကောင်းပြီး သင်ပေးရ လွယ်ကူ ပါတယ်။ အမွေး ရှင်းလင်းဖို့ အတွက် အလှပြင် ဆရာလည်း မလိုအပ်ပါဘူး။ ကျန်းမာပြီးတော့ သန့်ရှင်းတဲ့ ခွေးမျိုးများ ဖြစ်ပါတယ်။ လက်ရှိ ပိုင်ရှင်ဟာ ငွေများများပေးတိုင်း ရောင်းမှာ မဟုတ်ပဲ တကယ် ကောင်းကောင်း ပြုစုပေးမယ့် မိသားစုများထံသို့ ရောင်းချပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ တစ်ကောင်ကို ဒိန်းမတ်သို့ ရောင်းရန် သဘောတူခဲ့ပြီး နောက်တစ်ကောင်ကိုတော့ ဗြိတိန်နိုင်ငံတွင်းမှာပဲ ရောင်းမှာ ဖြစ်ပါတယ်။
ကျန်တဲ့ နှစ်ကောင်ကိုတော့ ဆက်မွေးမှာ ဖြစ်ပါတယ်။ ခွေးများဟာ တစ်ကိုယ်လုံး အနက်ရောင် ရှိပြီး ချစ်စဖွယ် ရုပ်ရည်များ ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ အကောင် ၈၀၀ ဝန်းကျင်သာ ရှိတာကြောင့် ကမ္ဘာ့ အရှားပါးဆုံး ခွေးစာရင်းထဲမှာ ပါဝင်လာခဲ့ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)





မှတ်ချက်များ