Ashley Young ရဲ့ လုပ်ရပ်ဟာ ရှက်စရာကောင်းပါတယ်လို့ Paul Scholes ပြော
မနေ့ညက CSKA မော်စကိုနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းရဲ့ တောင်ပံကစားသမား Ashley Young ရဲ့ ပြိုင်ဘက် ဂိုးဧရိယာအတွင်းမှာ ဒိုင်ဗင်ထိုးခဲ့တဲ့ လုပ်ရပ်ဟာ ရှက်စရာကောင်းလှတယ်လို့ အဲ့ဒီပွဲကို ဝေဖန်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ Paul Scholes ကပြောပါတယ်။
ယူနိုက်တက်ဟာ CSKA နဲ့ ဂိုးမရှိ သရေကျနေတဲ့ အချိန်မှာ Ashley Young ဟာ ပြိုင်ဘက် နောက်တန်း ကစားသမား Georgy Schennikov ကို ခြေချိတ်လှဲခဲ့ပြီး အသင်းအတွက် ပင်နယ်တီရအောင် ကြိုးစားခဲ့တာပါ။
Young ဟာ အဲ့ဒီပွဲမှာ တောင်ပံတစ်လျှောက်ကနေ passing တွေ ပြုလုပ်ပြီး အသင်းအတွက် တိုက်စစ်လမ်းကြောင်းတွေ ပွင့်အောင် ကြိုးစား ကစားနိုင်ခဲ့ပေမယ့်လည်း အခုလို လုပ်ရပ်ကြောင့် ဝေဖန်ခံခဲ့ရတာပါ။ “ သူဟာ ကစားသမားကောင်းတစ်ယောက်ပါ။ အခုလို လုပ်နေတာတွေကို ရပ်တန့်သင့်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ကစားသမားတစ်ယောက်ရဲ့ ပုံရိပ်ကို ထိခိုက်စေပြီး ရှက်စရာကောင်းပါတယ် ” လို့ Paul Scholes ကဝေဖန်ခဲ့တာပါ။
မန်ယူအသင်းဟာ အဲ့ဒီပွဲမှာ ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးရဖို့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တာကြောင့် တစ်ဂိုးသာ ရရှိခဲ့ပြီး အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး Rooney က Lingard ရဲ့ ပေးပို့မှုကနေ အနီးကပ်ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။
Paing AK - သစ်ထူးလွင်
Ref: Goal

မှတ်ချက်များ