အမျိုးသမီးတွေအတွက် အထူးစီစဉ်ထားတဲ့ တူရကီက ကျူးလစ်ထိုင်ခုံများ



တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ သူစိမ်းတွေနဲ့ ခုံရှည်တစ်ခုတည်း အတူမထိုင်လိုတဲ့ အမျိုးသမီးတွေအတွက် တစ်ဦးတည်းထိုင်ခုံ ၆၀၀ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

အရောင်စုံတဲ့ထိုင်ခုံတွေဟာ အစ္စတန်ဘူလ်ရဲ့ အက်ဗ်စီလာအရပ်မှာရှိပြီး ထိုင်လိုတဲ့သူ ကြိုက်သလိုမျက်နှာမူနိုင်အောင် ၃၆၀ ဒီဂရီလှည့်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ အိတ်ချိတ်ဖို့နေရာလည်းပါပြီး မထိုင်လိုတော့တဲ့အခါမှာ ခုံကိုခေါက်လိုက်ရင် ကျူးလစ်ပန်းပုံဖြစ်သွားအောင် ဒီဇိုင်းထုတ်ထားပါတယ်။

ကျူးလစ်ဟာ တူရကီမှာ ပေါက်ရောက်တဲ့အပင်ဖြစ်ပြီး လူကြိုက်အရမ်းများသလို နှစ်စဉ်ကျင်းပနေတဲ့ ကျူးလစ်ပွဲတော်လည်းရှိပါတယ်။

အခုလိုအစီအစဉ်ကို အကြံရခဲ့တဲ့ အမျိုးသမီးမြို့တော်ဝန် ဟန်ဒန်တော့ပ်ရက်က လမ်းလျှောက်လာလို့ ပင်ပန်းလာတဲ့အချိန်မှာ သူစိမ်းအမျိုးသားတွေနဲ့ အတူမထိုင်လိုတဲ့ အမျိုးသမီးတွေအတွက် အဆင်ပြေအောင်လို့ အခုလို လုပ်ပေးခဲ့တာလို့ဆိုပြီး နောက်ထပ်လည်း ထပ်တပ်ဆင်ပေးသွားမယ်လို့ ပြောပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ