![]() |
| (ရဲစခန်းရှေ့တွင် ဖြစ်ပေါ်ခဲ့သော မြင်ကွင်း) |
“ မြို့မိမြို့ဖ ၁၀ ယောက်လောက်ကို ကျောက်တော်မြို့မ ရဲစခန်းမှာ ဖမ်းထားတယ်လို့ သတင်း ထွက်လာတယ်။ အဲဒီနောက်ပိုင်းမှာ လူပေါင်း ၁၀၀ လောက်က ရဲစခန်းရှေ့ကို စုရုံး ရောက်ရှိလာခဲ့တယ်။ လူစု လူဝေးဖြစ်လာတယ်။ ဖမ်းဆီးခံရတာက ကမ်းနားလမ်းကိစ္စနဲ့ ပတ်သက်နေတယ်လို့ ထင်ပါတယ်”ဟု ကျောက်တော်မြို့ခံ ဦးအေးသိန်းကပြောသည်။
နိရဉ္စရာမှ ကျောက်တော်ဒေသခံ တစ်ဦးဖြစ်သူ ဦးမြင့်နိုင်အား ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခြင်း မဟုတ်ဘဲ ခေါ်ယူမေးမြန်းခြင်း သာ ဖြစ်ကြောင်း ပြောဆိုသည်။
“ ဖမ်းတာတော့ မဟုတ်ပါဘူး။ ကျောက်တော်မှာ ကမ်းထိန်းနံရံ တည်ဆောက်နေတော့ ဆိုင်အချို့ ဖျက်သိမ်းခံရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲကို တိုင်တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ရဲက ခေါ်ယူမေးမြန်း တာ ဖြစ်ပါတယ်။ အခုတော့ ပြန်လွှတ်လိုက်ပါပြီ” ဟု ဦးမြင့်နိုင်က ပြောသည်။
သို့သော်လည်း လူပေါင်း တစ်ရာထိ စုရုံးရောက်ရှိပြီး ၀ိုင်းဝန်း တောင်းဆိုမှု ပေါ်ပေါက်ခဲ့သဖြင့် ယခု ဖြစ်ရပ်တွင် ထင်တာ ထက် လေးနက်သော အကြောင်းအရာများ ရှိနိုင်ကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးဇော်ဝင်းက သုံးသပ် ပြောကြားသည်။
“အခုအခြေအနေကို ပြောရမယ်ဆိုရင်တော့ စခန်းမှူး၊ မြို့နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရဲစခန်းကို ၀င်သွားခဲ့ကြတာ ကိုလည်းတွေ့ရတယ်။ ကျွန်တော်တို့ ကျတော့ အထဲကနေပြီးတော့ မောင်းထုတ် ခံရတယ်။ လူတွေ ဒေါသထွက်ပြီးတော့ အုံကြွမှုတွေဖြစ်လာအောင် လုပ်ဆောင်နေ သလိုမျိုးဖြစ်နေခဲ့တာ ကို မြင်တွေ့ခဲ့ပါတယ်”ဟု သူက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆရာတော်သုံးပါးလည်း ရဲစခန်းထဲသို့ ကြွရောက်ပြီး ဖြေရှင်းခဲ့ရသည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိရန် ကျောက်တော်မြို့မ စခန်းမှူးကို နိရဉ္စရာသတင်းဌာနက အကြိမ်ကြိမ်ဆက်ဖုန်းဆက်သော်လည်း ဖုန်းပိတ်ထားသဖြင့် အခြေအနေ အသေးစိတ်ကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
စံမောင်သန်း - Arakan State

မှတ်ချက်များ