အိပ်ယာ နိုးနိုးချင်း နားထောင်သင့်တဲ့ သီချင်းအဖြစ် Coldplay ရဲ့  Viva La Vida သီချင်း သတ်မှတ်ခံရ


ကျွန်ုပ်တို့ကို မနက်ခင်းတွေမှာ အိပ်ယာနှိုးနိုင်တဲ့အရာတစ်ခုကို ပြပါဆိုရင် လူတိုင်းနီးပါးက ဂီတ ကိုပဲ ရွေးချယ်မိ ကြမှာပါ။ ဒါပေမယ့် ဘယ်သီချင်းက သင့်ကို မျက်လုံး၂ လုံး ဖွင့်ခါစမှာ စိတ်ရဲ့  အေးချမ်းမှု တွေရရှိအောင် လုပ်ပေးနိုင်မှာပါလဲ။

တစ်ချို့  ကတော့ ဟဲဗီးမက်တယ်လ် သီချင်းတွေနဲ့ အိပ်ယာထရတာကို သဘောကျကြပါတယ်။ တစ်ချို့  ကလည်း သာယာ ငြိမ့်ငြောင်းတဲ့ Jazz တေးသီချင်းတွေကို ရွေးချယ်ကြပါတယ်။ တစ်ချို့  ကတော့ Rap ၊ တစ်ချို့  ကတော့ Punk စတဲ့ သီချင်းတွေနဲ့ အိပ်ယာထချင်တဲ့ ဆန္ဒ ရှိနေကြပါတယ်။ ဒါပေမယ့် မနက်ခင်း အိပ်ယာ နိုးနိုးချင်း နားထောင်ဖို့ အကောင်းဆုံးနဲ့ အသင့်တော်ဆုံး သီချင်းကတော့ Coldplay အဖွဲ့ ရဲ့  Viva La Vida ဆိုတဲ့သီချင်း ဖြစ်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

ဒီလေ့လာမှုကို ဦးဆောင်ခဲ့တာကတော့ ဂီတ Streaming ၀န်ဆောင်မှု ကုမ္မဏီဖြစ်တဲ့ Spotify ပဲ ဖြစ်ပါတယ်။ Spotify ကုမ္မဏီ ဟာ ဂီတဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဘာသာ ရပ်ရဲ့  ပညာရှင် David M Greenberg နဲ့ ပူးပေါင်းပြီး အိပ်ယာ နိုးနိုးချင်း နားထောင်ဖို့ အသင့်တော်ဆုံး သီချင်းကို သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို ဘာကြောင့် အိပ်ယာ နိုးနိုးချင်း နားထောင်သင့်တဲ့ သီချင်းအဖြစ် သတ်မှတ်နိုင်တာ လည်းဆိုတာကိုတော့ သုတေသီတွေက အခုလို ရှင်းပြထားပြန်ပါတယ်။

တည်ဆောက်ထားတဲ့ ဂီတပုံစံ

သီချင်းအစမှာ ကတည်းက ပြင်းထန် သန်မာတဲ့ ဂီတပုံစံနဲ့ ဖန်တီးထားတဲ့ သီချင်းတွေ ဟာ သင့်ကို အိပ်ယာက အေးချမ်းစွာ နိုးထဖို့ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ သီချင်းအစမှာ ပျော့ပျောင်းစွာ စတင်ပြီး စက္ကန့် အနည်းငယ်အကြာမှာမှ သီချင်းရဲ့  ဂီတ ပုံစံ တစ်ခုလုံးကို တည်ဆောက်လိုက်တဲ့ သီချင်းတွေဟာ သင့်ကို အိပ်ယာကနေ ကောင်းမွန်စွာ နိုးထစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

အကောင်းမြင်ခံစားချက်

သင်ဟာ တစ်နေ့တာလုံးကို အဆင်ပြေပြေဖြတ်သန်းနိုင်စေဖို့အတွက် အိပ်ယာနိုးနိုးချင်းမှာ စိတ်ထဲ တည်ငြိမ်အေးချမ်းနေဖို့ လိုပါလိမ့်မယ်။ ဒါကြောင့်သင့်ကို တစ်နေ့တာလုံး ကောင်းမွန်တဲ့ စိတ်နေစိတ်ထားမျိုး ဖြစ်နေစေဖို့ အကောင်းမြင် ခံစားချက်မျိုးနဲ့ ရေးစပ် သီကုံးထားတဲ့ သီချင်းမျိုးကို ဖန်တီးသင့်ပါတယ်။

ကျစ်လစ်ပြည့်စုံတဲ့ စည်းချက် သံစဉ်

သီချင်းစာသားတင် ကောင်းနေဖို့ လိုတာမဟုတ်ပါဘူး။ စည်းချက် နဲ့ သံစဉ်ကိုလည်း သင့်တစ်နေ့တာအတွက် ကောင်းတဲ့ mood တွေ ရှိနေစေဖို့ ကူညီပေးနိုင်ပါတယ်။ ဘေ့စ် နဲ့ ဒရမ်ကို အသားပေးပြီး 2/4 pattern နဲ့ ဖန်တီးကာ BPM 100 ကနေ 130 ကြားမှာ Tempo သတ်မှတ်ထားတဲ့ သီချင်းတွေဟာ သင့်ရဲ့  တစ်နေ့တာကို လန်းဆန်းနေစေမှာပါလို့ သုတေသီတွေက ဆိုပါတယ်။ မနက်ခင်း အိပ်ယာနိုးနိုးချင်းမှာ နားထောင်ဖို့ အသင့်တော်ဆုံး သီချင်းတွေအဖြစ် Coldplay ရဲ့  Viva La Vida သီချင်းရဲ့ အနောက်မှာ ရပ်တည်နေတဲ့ အခြား သီချင်းတွေကတော့ St.Lucia ရဲ့  Elevate ၊ Sam Smith ရဲ့  Money On My Mind နဲ့ Imagine Dragons အဖွဲ့ရဲ့  On Top Of The World သီချင်းတို့ပဲ ဖြစ်ပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ