၁၈.၄ လက်မကျယ်ဝန်းတဲ့ Galaxy View ကို Samsung ထုတ်လုပ်


ပိုမိုကြီးမားတဲ့အရာတွေဟာ ပိုမို ကောင်းမွန်ကြတယ်ဆိုသလိုပဲ Samsung ကလည်း အကြီးဆုံး တတ်ဘလတ် တစ်လုံးကို မိတ်ဆက်လိုက်ပြန်ပါပြီ။ Galaxy View လို့ အမည်ရတဲ့ Samsung ရဲ့  တတ်ဘလတ် အသစ်ဟာ ၁၈.၄ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ပါရှိပြီး Widescreen အနေအထားနဲ့ ပြသမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့ မှာ ထွက်ရှိလာမယ့် Galaxy View ရဲ့  တန်ဖိုးကတော့ ၅၉၉ ဒေါ်လာပဲ ဖြစ်ပါတယ်။

Galaxy View ရဲ့  မြင်ကွင်းကတော့ တွေ့  ဖူးသမျှ တတ်ဘလတ် တိုင်းထက် ကောင်းမွန်မှာ သေချာပါတယ်။ အလေးချိန်အားဖြင့်တော့ ၂.၆၅ ကီလို ဂရမ် လေးလံ တယ်လို့ သိရပါတယ်။ အားနည်းချက်တစ်ခု ရှိလာနိုင်တာကတော့ ကျောပိုးအိတ်တိုင်းမှာ မဆန့်နိုင်ပါဘူး။

Galaxy View ဟာ ၄၅၂ မီလီမီတာ ရှည်လျားပြီး ၂၇၆ မီလီမီတာ ကျယ်ဝန်းကာ ၁၁.၉ မီလီမီတာ အထူရှိပါတယ်။ ထို Galaxy View မှာတော့ Android ရဲ့  5.1 Lollipop ဗားရှင်းကို OS အဖြစ် အသုံးပြုထားပြီး ကြိုးမဲ့ ကီးဘုတ်နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ 2.1 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ၊ Bluetooth ၊ Wi-Fi နဲ့ LTE network တွေကိုလည်း Support လုပ်ပေးနိုင်ပါတယ်။ 1920x1080 Pixel ကြည်လင်ပြတ်သားမှု ရှိတဲ့ Full HD ရုပ်ထွက်ကို ပြသပေးမှာပါ။ Processor အနေနဲ့ကတော့ Octa-Core 1.6GHz ကို အသုံးပြုထားပါတယ်။

ဘက်ထရီ ရဲ့  သက်တမ်းကတော့ ပျမ်းမျှအားဖြင့် ဗီဒီယို ၈ နာရီ ကြာ တောက်လျှောက်ကြည့်နေနိုင်မှာပါ။ သိုလှောင်ပမာဏ အနေနဲ့ကတော့ 32GB နဲ့ 64GB အမျိုးမျိုး ရွေးချယ်နိုင်ပြီး MicroSD ကတ်လည်း ထပ်မံ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Samsung ဟာ Galaxy View ကို ထုတ်လုပ်လိုက်ခြင်းအားဖြင့် ပြိုင်ဘက် ကုမ္မဏီ Apple က မကြာသေးမီကမှ ထုတ်လုပ်ထားတဲ့ ၁၂.၉ လက်မ ကြီးမားတဲ့ iPad Pro ကို အနိုင်ယူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Mario - Trend Myanmar

မှတ်ချက်များ