![]() |
| ဓါတ်ပုံ- မိုင်းရှူးရှိ စစ်ဘေးရှောင်စခန်း |
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် တောင်ဘက် နှင့် အနောက်ဘက် ၊ ကျေးသီးမြို့နယ် ဝမ့်ဟိုင်း မြို့သစ် SSPP/SSA ဌာနချုပ်တောင်ဘက် ဝမ့်လွေ၊ မိုင်းအတ်၊ ဝမ့်ဆော့၊ ဝမ့်ထမ်၊ နမ့်ပါမုံး တလွှားရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်၏ တောင်ဘက်ခြမ်းလုံခြုံရေး တပ်စခန်းများအား မြန်မာ့ တပ်မတော်မှ ရုရှားလုပ် ဂျတ် MIG 29 တိုက်လေယာဉ် နှစ်စီး၊ ရုရှားလုပ် MI 35 တိုက်ပွဲဝင် ရဟတ် ယာဉ် ၆ စီးဖြင့် ယနေ့ တနေကုန် ပစ်ခတ်တိုက်ခိုက်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆု ကပြော သည်။
“ဝမ့်ဆော့ ရဲ့ အနောက်တောင်ဘက် တကျောလုံးကို တိုက်လေယာဉ် ၈ စီးနဲ့ အပြင်းအထန် တိုက်ခိုက် နေတယ်။ ဝမ့်ဆော့မှာလဲ ဒေသခံတွေ၊ စစ်ဘေးရှောင်တဲ့သူတွေလဲ မရှိတော့ဘူး။ အဲဒီလေယာဉ်တွေက အဲဒီအနီးတဝိုက်က မြေပြင်တပ်တွေကို ကူတိုက်ပေးနေတာ တနေကုန်ပဲ။ အခုလဲ ပစ်နေတုန်း” - ဟု ပြောရေးဆိုခွင့် ဗိုလ်မှူး စိုင်းဆု ကပြောသည်။
အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့ အထိ သျှမ်းပြည်တပ်မတော် ၏ ကျေးသီးမြို့နယ် မိုင်းနောင် နှင့် မိုင်းရှူးမြို့နယ် အတွင်းရှိ တပ်စခန်း များအား မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ယနေ့ ဒေသခံ စစ်ဘေး ဒုက္ခသည် ၁၀၀၀၀ ကျော်စစ်ဘေးရှောင် နေရသည်ဟု ဆိုသည်။
“ကျနော်တို့ တပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်သလို ဒေသခံ လူနေရပ်ရွာကို လဲ ပစ်ခတ်တိုက်ခိုက် တယ်။ လူထု စိုးရိမ်ထိပ်လန့်အောင် ပစ်ခတ်ခြိမ်းခြောက်တယ်။ ကျနော်တို့ ကို လာတိုက်လို့ ကျနော်တို့ အနေနဲ့ ခုခံတိုက်ခိုက်တာဘဲ ရှိသေးတယ်။ နေရာအနှံ့ တန်ပြန်တိုက်ခိုက်တာ ကျနော်တို့ မလုပ်သေး ဘူး။ ဒီအချိန်က လူထု စပါးရိတ်သိမ်းတဲ့ ရာသီဗျာ။ အခုမှာ စပါးမရိတ် ရရင်နောက်နှစ်ဘာ စားမလဲ” - ဟု ဗိုလ်မှူးကြီး စိုင်းလ ကလည်းသျှမ်းသံတော်ဆင့်သို့ပြောသည်။
သျှမ်းပြည်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်- ကျေးသီးမြို့နယ် ၊ မိုင်းရှူးမြို့နယ်၊ လားရှိုးမြို့နယ်၊ လဲချားမြို့နယ်သို့ စစ်ဘေးတိမ်းရှောင်သူများ တရက်ထက်တရက် များပြား လာသကဲ့သို့ တောတောင်အတွင်း ပုန်းအောင်းနေသူများလည်း အများ အပြားရှိနေသည်ဟု မိုင်းရှူးမြို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသည့် နန်းစိန် က ပြောသည်။
တိုက်ပွဲကြောင့် နှစ်ဘက်တပ်အကျအရှုံးများသည်ဟုလည်းသိရသည်။
သျှမ်းပြည်တပ်မတော် သည် နေပြည်တော် အစိုးရ နှင့် ပြည်နယ် အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ကာ အပစ်ရပ်စာချုပ်ထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်မတော် တခုဖြစ်သည်။
သျှမ်းသံတော်ဆင့်

မှတ်ချက်များ