ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘော သီလဝါ ဆိပ်ကမ်း ရောက်ရှိ
ကမ္ဘာလှည့် ခရီးသည် ၂၇၇ ဦးနှင့် သင်္ဘောဝန်ထမ်း ၂၉၂ဦး လိုက်ပါလာသော ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘော M.V Silver Whisper သည် ယနေ့နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ တစ်ဆင့် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာသည်။
အဆိုပါ သင်္ဘောသည် အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် Silversea Cruises ကုမ္ပဏီပိုင် ဖြစ်ပြီး ၂ဝ၁၄ခုနှစ် ဇန်နဝါရီ ၆ရက်ကတည်းက အမေရိကန် နိုင်ငံ လော့စ် အိန်ဂျလိစ်မြို့မှ စတင် ထွက်ခွာလာပြီး နယူးဇီလန်၊ သြစတြေးလျ၊ ပါပူဝါ နယူးဂီနီ၊ တရုတ်၊ ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာပူ နိုင်ငံတို့ကို လှည့်လည် ရောက်ရှိခဲ့ ပြီး ဖြစ်ကြောင်း သိရသည်။
M.V Silver Whisper သည် ရန်ကုန်မြို့တွင် သုံးရက်တာ ဆိုက်ကပ် ရပ်နားပြီး ကမ္ဘာလှည့် ခရီးသည်များက သန်လျင်၊ ပဲခူး၊ မန္တလေးနှင့် ပုဂံမြို့တို့ကို လည်ပတ် လေ့လာ ကြမည် ဖြစ် သည်။ အဆိုပါ သင်္ဘောသည် မတ် ၂၇ရက် မွန်းတည့် ၁၂နာရီတွင် သီလဝါ ဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာပြီး အိန္ဒိယ၊ အိုမန်၊ အစ္စရေး၊ ဂရိ၊ တူရကီ၊ အီတလီနိုင်ငံ တို့မှ တစ်ဆင့် ဧပြီ ၃ဝရက်တွင် စပိန်နိုင်ငံ၌ ခရီးစဉ်ပြီးဆုံး မည်ဖြစ်သည်ဟု သိရသည်။
M.V Silver Whisper သင်္ဘောခရီးစဉ်က ရက်ပေါင်း ၁၁၃ ရက်နဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံရှိ ဆိပ်ကမ်း ၅၄ခုကို ဆိုက်ကပ်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ သုံးရက်တာ ရပ်နား ပါမယ်။ အကြာ ဆုံး ဆိုက်ကပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကိုကြည်ရင် ကမ္ဘာလှည့်ခရီးသည် တွေတွက် မြန်မာနိုင်ငံမှာ လည်ပတ်စရာ နေရာများတယ်။ ကိုယ့်နိုင်ငံ အတွက် ကောင်းတဲ့ ရလဒ်ပါ။ Myanmar Voyages ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ခင်ချိုဝင်း

မှတ်ချက်များ