ဒီခေတ်လို စက်ကိရိယာတွေ၊ နည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ လူငယ်တွေ ပိုတိုးတက်လာမှာလား။ ပိုဆုတ်ယုတ်သွားနိုင်လား.. လူငယ်တွေ အားလပ်ချိန်ကို ဘယ်လို သုံးကြလဲ.. ဒီအတွေးလေးတွေက တစ်ခါတစ်လေ စာရေးသူစိတ်ထဲမှာ ပေါ်ပေါ်လာပါတယ်.. ဒါပေမဲ့ ဒီမေးခွန်းဟာ ဘေးလူ ၀င်ဖြေလို့မရတဲ့ မေးခွန်းပါ.. စာရေးသူဖြေတာဟာ စာရေးသူအတွေးပါ.. ဘယ်အဖြေမှန်လဲ..တကယ်အဖြေမှန်ကတော့ ကာယကံရှင် လူငယ်များဆီမှာပါ..
အချိန်တွေ ကြာလာတယ်..တိုင်းပြည်ကြီး ဆုတ်ယုတ်နေပါပြီကွာ.. ဘယ်တော့မှ ပြန်ကောင်းမလဲ မသိ.. မှန်ပါတယ် စာရေးသူတို့ အားလုံးမှာ ဒီ စနစ်ကြီးကို ပြောင်းဖို့ တိုက်ရိုက်အစွမ်းအစမရှိလို့ မျှော်ရခက်ပါတယ်.. ဘယ်သူ့ ဂရက်ပဲဖြစ်ဖြစ်ပါ.. စိတ်ရဲ့ စွမ်းအားဟာ အင်မတန်ကြီးမားလို့ လူငယ်များရဲ့ ခံယူချက်တွေနဲ့ ကြိုးစားမှုတွေကတော့ အချိန်ကြာလာရင် အစစအရာရာကို အောင်မြင်ကျော်လွှားနိုင်စေမှာပါ.. တိုးတက်တဲ့ နည်းပညာတွေကို မိမိဘာသာ တစ်ကိုယ်ရေ တစ်ကာယ အသိပညာ ဗဟုသုတ တိုးတက်မှုအတွက် အရင် အသုံးချလိုက်မယ်ဆိုရင် လူငယ်တစ်ယောက်ပေမဲ့ လူကြီးတွေ အထင်သေးလို့မရတဲ့ လူငယ်ဖြစ်လာမှာပါ.. ဒီဗဟုသုတ ကြွယ်ဝတဲ့ လူငယ်တွေ များလာတဲ့ အခါ လူငယ်တွေရဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်နဲ့ ပဲခေါက်ရိုးကျိုးနေတဲ့ စနစ်ရှိနေတာကို လည်း ပြုပြင်လာနိုင်မှာပါ.. လိပ်သွားနှုန်းဖြစ်လည်း မရွေ့တာထက်တော့ တော်သေးတယ်ပြောရမှာပေါ့လေ
ဆက်ပြီး နဲနဲ အထွန့်တက်ကြည့်ရဦးမယ်ဆိုရင်.. နည်းပညာတိုးတက်လို့ အကျိုးရှိမရှိဆိုတာ မိမိပေါ် ဘာလို့ မူတည်သလဲ..ဥပမာ တစ်နာရီ အင်တာနက် ထိုင်သုံးမယ်.. ဟိုဟို ဒီဒီ လျှောက်ကြည့်မိကြ တာများပါ တယ်..စာရေးသူတို့အပါအ၀င်ပါ.. တိုးတက်လာတာကိုး.. အရင်ကတော့ ကွန်ပျုတာဆိုတာ ဘာကြီးလဲဆိုတဲ့ခေတ်..ခုကတော့ ကွန်ပျုတာဆိုတာ ငါးနှစ်သားတောင် ဆော့နိုင် တဲ့ ခေတ် လို ဖြစ်နေတော့.. ဘယ်လိုပဲဖြစ်ဖြစ်ပါ.. ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း တိုးတက်တဲ့ နည်းပညာကို အသုံးမချတတ်ရင် တန်ဖိုးမရှိနိုင်ပါဘူး..
စာရေးသူတို့ရဲ့ နံမည်ကျော်အင်တာနက်ဟာ လိုင်းမကောင်းပါဘူး.. အချိန်အရမ်းကုန်စေပါတယ်.. ဒါပေမဲ့ လိုင်းမကောင်းတဲ့အတွက် အချိန်ကုန်ခံရတာခြင်းအတူတူ ကောင်းသလောက်လေးနဲ့ ကျောင်းသားဆို မိမိကျောင်းအတွက် လိုအပ်တာတွေရှာဖတ်မယ်.. လုပ်ငန်းခွင်ဝင်နေသူများကလည်း နိုင်ငံခြားမှာ ဘာ trend တွေ စနစ်တွေသုံးလဲ .. လေ့လာကြည့်မယ်.. တစ်ပုဒ်ရရ နှစ်ပုဒ်ရရ အလုပ်အတွက် လိုအပ်တာတွေ ရှာဖတ်မယ်.. ဘာသာတရား လိုက်စားသူများကလည်း ဘာသာတရားစာလေးတွေနဲ့ ရင့်ကျက်လာအောင် ကြိုးစားမယ်.. နိုင်ငံတကာ သတင်းတွေ ရှာဖတ်မယ်.. English လိုသတင်းတွေပါ ဖတ်လာနိုင်အောင် ကြိုးစားမယ်.. နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ချဲ့ထွင်လာမယ်.. ဒါတွေအားလုံးဟာ လူငယ်တွေပေါ်မှာပဲ မူတည်ပါတယ်.. ဒါပေမဲ့ စာရေးသူကိုယ်တိုင်တောင် ဒါတွေလုပ်ဖြစ်ရဲ့လားဆို တာ ပြန်မေးကြည့်ရပါ တယ်..ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမှန်းသိလို့ တိုက်တွန်းတာပါ.. ဆရာကြီးလည်း မဟုတ်ရပါဘူး.. ဒါပေမဲ့ နောက်မျိုးဆက်သစ်တွေမှာ စာတော်သူကလည်း စာတင်မကပဲ ဘက်စုံ ဗဟုသုတ ကြွယ်ဝဖို့.. စာမတော်သူကလည်း စာတော်လာအောင် ကြိုးစားဖို့ လိုအပ်ပါတယ်..စွမ်းနိုင်သရွေ့ပေါ့လေ.. ဒီလိုလေး လူငယ်များ တစ်ဦးချင်းဆီက ကြိုးစားချင်စိတ်များလာရင် မိမိတို့ရဲ့ နောက်မျိုးဆက်လေးတွေရဲ့ တိုင်းပြည်လှပလာမှာပါ..
ဒီတော့ စာရေးသူနဲ့အတူတူ အခုကစပြီး မိမိရဲ့ အားလပ်ချိန်လေးတွေမှာ ဘယ်လောက် ဗဟုသုတတွေ ပညာတွေတိုးလာပြီလဲ ဆိုတာကို မေးကြည့်ပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ကြရအောင်..
ဘ၀မှာ အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်..
နေ (ဆေး-၁)

မှတ်ချက်များ