ဇာတ်လမ်းတွဲရိုက်ကူးရင်း လမ်းသစ်ဖောက်တဲ့ အေးမြတ်သူ




ဇာတ်လမ်းတွဲရိုက်ကူးခြင်းသည် လုပ်နေကျလမ်းမှ လမ်းသစ်ဖောက်ခြင်းဖြစ်၍   ပရိသတ်အားပေးမှုဖြင့်   ရှေ့ဆက်ချင်ကြောင်း အေးမြတ်သူကပြောသည်။ “လုပ်နေကျထဲကနေပြီး လမ်းသစ်စဖောက်ကြည့်တာ၊ ခြေလှမ်း စလှမ်းကြည့်တာ။ ပရိသတ်ရဲ့ အားပေးမှုပေါ် မူတည်ပြီး ရှေ့ဆက်တိုးချင်ပါတယ်”ဟု  အေးမြတ်သူက ပြောသည်။ ဇာတ်လမ်းတွဲများသည် အပိုင်းရှည်ကာ ရုပ်သံလိုင်းများမှ အပတ်စဉ်ထုတ်လွှင့်ပေးခြင်းဖြစ်၍ ပရိသတ်နှင့်လည်း ပို၍ရင်းနှီးမှုရနိုင်မည်ဟု ယူဆကြောင်း အေးမြတ်သူကပြောသည်။


အေးမြတ်သူသည် ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးသည့် ၀ါစိမ်းနီကမ္ဘာသိမ်းမည် ရုပ်သံဇာတ်လမ်းတွဲတွင် စိမ်းအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ၎င်းပါဝင်သရုပ်ဆောင်ရမည့် ဇာတ်ရုပ်မှာ အသက်ကြီးသည့် အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျသည့် ဇာတ်ရုပ်ဖြစ်ကြောင်း သိရသည်။ “အသက်ကြီးတဲ့အမျိုးသားနဲ့ အိမ်ထောင်ကျတယ်။ လင်ပါသမီးတစ်ယောက်ပါတဲ့ အိမ်ထောင်သည်နေရာက သရုပ်ဆောင်ရမှာပါ”ဟု ၎င်းက ပြောသည်။


ယင်းဇာတ်ရုပ်နှင့်ပတ်သက်၍ ပြင်ပလောကတွင် ဖြစ်လေ့ရှိသော သဘာဝအတိုင်း ရရှိထားသည့် ဇာတ်ရုပ်နှင့် လိုက်ဖက်မှုရှိအောင် ကြိုးစားသွားမည်ဟု အေးမြတ်သူက ပြောသည်။
အကယ်ဒမီနှင့်ပတ်သက်၍ စိုးမြတ်သူဇာ၊ န၀ရတ်၊ ဖွေးဖွေးတို့ ရနိုင်သည်ဟုကြားပြီး ကလေးသရုပ်ဆောင်ယွန်းယွန်းကိုလည်း ကြိုးစားအားထုတ်မှုကောင်းသောကြောင့်   အကယ်ဒမီရစေချင်သည်ဟု အေးမြတ်သူက ပြောသည်။ “အကယ်ဒမီပေးပွဲလည်း တက်မှာပါ။ ယွန်းယွန်းကို ရစေချင်တယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုကလည်း  အများကြီးကောင်းတော့ အဓိကအနေနဲ့ သူ့ကို ရစေချင်တယ်။ ဖွေးဖွေးတို့၊ န၀ရတ်တို့၊ မကြီးစိုးတို့ ရမယ်လို့လည်း ကြားပါတယ်”ဟု ၎င်းကပြောသည်။

7Day Daily

မှတ်ချက်များ