မိုးလေဝသဆိုင်ရာ ရေဒါစနစ် အသုံးပြုနိုင်ရေး နည်းပညာ ဂျပန်ပညာရှင်များ သင်ကြားပေးမည်
ဂျပန်နိုင်ငံမှ ပညာရှင်များက မိုးလေဝသ သတင်းဆိုင်ရာ အချက်အလက်များ၊ ရေကြီးမှု ဖြစ်ပေါ်နိုင်သည့် သတင်းအချက်အလက်များနှင့် မုန်တိုင်း ဖြစ်ပေါ်နိုင်သည့် သတင်းအချက်အလက်များ သိရှိ ထုတ်ပြန်ပေးနိုင်မည့် မိုးလေဝသဆိုင်ရာ ရေဒါစနစ် အသုံးပြုနိုင်ရေး နည်းပညာများကို လာရောက် သင်ကြားပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဂျပန်နိုင်ငံက ပညာရှင်တွေကတော့ ရောက်နေပါပြီ။ သင်တန်းက မန္တလေးမှာ စတင်သင်ကြားဖို့ စီစဉ်နေပါတယ်။ ဘယ်နေ့ဆိုတာတော့ မပြောနိုင်သေးဘူး။ သူတို့အဖွဲ့က သင်တန်း အတွက်တင် မဟုတ်ဘူး။ မိုးလေဝသ ရေဒါစခန်း တည်ဆောက်ရေး အတွက်လည်း ရောက်ရှိလာကြတာ” ဟု ၎င်းက ထပ်မံဆိုသည်။
ယင်းမိုးလေဝသ သတင်းဆိုင်ရာ အချက်အလက်များ သိရှိ ထုတ်ပြန်ပေးနိုင်မည့် မိုးလေဝသဆိုင်ရာ ရေဒါ အဆောက်အအုံကို မန္တလေး၊ ကျောက်ဖြူနှင့် ရန်ကုန်မြို့တော်တို့တွင် ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း စတင်တည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။
“မန္တလေးမြို့မှာက ချမ်းမြသာစည် လေကြောင်း မိုးလေဝသ ရုံးဝင်းအတွင်း ရေဒါအဆောက်အအုံ တည်ဆောက်မှာပါ။ ရေဒါအဆောက်အအုံ တည်ဆောက် ပြီးသွားရင် အထက်ပိုင်း မြစ်ကြီးနားမြို့နဲ့ အောက်ပိုင်း တောင်ငူမြို့အထိ လွှမ်းခြုံပြီး မိုးလေဝသ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကထပ်မံဆိုသည်။
မြို့ကြီးသုံးမြို့တွင် တည်ဆောက်မည့် မိုးလေဝသ ရေဒါအဆောက်အအုံအတွက် ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၇ သန်းနှင့် ညီမျှသော ဂျပန်ယန်းငွေများ လှူဒါန်းမည် ဖြစ်ပြီး လာမည့် ၂၀၁၇ ခုနှစ်တွင် ရေဒါ အဆောက်အအုံသုံးခု အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကျော်က ပြောကြားသည်။
“ရာသီဥတု ဖောက်ပြန်တာပဲ ဖြစ်ဖြစ် မိုးလေဝသနဲ့ဆိုင်တဲ့ သတင်းတွေကို ပြည်သူတွေထံ အမြန်ဆုံး အသိပေး အကြောင်းကြားဖို့ လိုတယ်။ သတင်း ထုတ်ပြန်ချက်သာ တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးနိုင်မယ်ဆိုရင် ပြည်သူတွေ နစ်နာဆုံးရှုံးမှု လျော့ကျ သွားလိမ့်မယ်” ဟု မန္တလေးမြို့တော် ဒေသခံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းနှင့် သုတေသန လုပ်ငန်းများ လုပ်ကိုင်နေသူ ဆရာမစိမ်းက ဆိုသည်။
The Voice Weekly

မှတ်ချက်များ