မလေးရှား လေယာဉ် ကိစ္စ ဂြိုဟ်တု အထောက်အထားတွေ ရလိုကြောင်း တရုတ်အစိုးရ ပြောကြား



အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ ပျောက်ဆုံးသွားပြီ ဆိုတဲ့ မလေးရှား လေကြောင်းပိုင် လေယာဉ်နဲ့ ပတ်သက်တဲ့ ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ ရလိုကြောင်း တရုတ် အစိုးရက တောင်းဆို လိုက်ပါတယ်။

ဒီကိစ္စအတွက် သက်သေအထောက်အထား အသေးစိတ် ပေးအပ်ဖို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မလေးရှား သံအမတ်ကို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေအရ ဩစတြေးလျ အနောက်ဘက် ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျခဲ့ကြောင်း တွေ့ရှိ ရတယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လေယာဉ်ကို ခုထိ ရှာမတွေ့သေးတာမို့ မလေးရှား အစိုးရ ပြောကြားချက်ကို သံသယဝင်ကြောင်း တရုတ် ခရီးသည်တွေရဲ့ ဆွေမျိုးတွေက ပြောပါတယ်။

ဩစတြေးလျ ပင်လယ်ရေကြောင်း လုံခြုံရေး အာဏာပိုင်တွေကတော့ ရာသီဥတု ဆိုးရွားပြီး လှိုင်းကြီးနေတဲ့အတွက် လေယာဉ်ရှာဖွေရေးတွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။

လေကြီး မိုးကြီး ကျနေတဲ့အတွက် လေယာဉ်တွေ ပျံသန်းဖို့ ခက်ခဲနေတယ်လို့ ကြေညာထားပါတယ်။

လေယာဉ်ပျက် အစအနတွေလို့ ယူဆရတဲ့ အရာတွေ မျောပါလာတာကို မနေ့က တွေ့ခဲ့ရတဲ့ နေရာကို ရေတပ်သင်္ဘောတစ်စင်း စေလွှတ် ရှာဖွေရမယ် လို့လည်း ပြောသွားပါတယ်။

ဘီဘီစီ 

မှတ်ချက်များ