မြန်မာ့ပြုပြင်ပြောင်းလဲရေး တကယ် စစ်၊ မစစ်

 

ဆယ်စုနှစ်ပေါင်း ၅ ခုကျော်ကြာ စစ်အုပ်ချုပ်ရေး အောက်က မြန်မာပြည်က လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်
လောက်က ရုန်းထလာတဲ့ အချိန်မှာတော့ မြန်မာပြည်ဟာ ကမ္ဘာတ၀န်းကို မျက်စေ့ကျစေတဲ့ နိုင်ငံသစ် တခုလို မွေးဖွားလိုက်ပါတယ်။

ဒါဆို တကယ်ပဲ မြန်မာနိုင်ငံဟာ နိုင်ငံသစ်တခု မွေးဖွားလိုက်တာလား။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခု ဆီကို ဦးတည်လာပြီလား။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို လေးစား တဲ့ မြန်မာ့လူဘောင်ဆိုတာဖြစ် လာပြီလား။

တရားဥပဒေ စိုးမိုးမှုတွေ မြန်မာနိုင်ငံမှာ ထွန်းကာလာနေပြီလား။ လာဘ်ပေးလာဘ်ယူမှုတွေက ယဉ်ကျေးမှု တခု အနေနဲ့ ရှိနေဆဲပဲလား။

တိုင်းပြည် စီးပွားရေးဟာလည်း နိုင်ငံသစ်မွေးဖွားမှုနဲ့ အတူ တချိန်တည်းမွေးဖွားခဲ့လေသလား။

မတရားတဲ့ အမိန့်တွေ၊ ကန့်သတ်ချက်တွေနဲ့ တဖက်သတ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို အခြေခံ ပြီး စစ်အာဏာရှင်တွေ စစ်ယူနီဖောင်းတွေ ချွတ်၊ အရပ်ဝတ်တွေ လဲ ၀တ်ကာ အရပ်သားအမည်ခံ အစိုးရ အဖွဲ့ကြီး က တကယ်ပဲ ဒီမိုကရေစီအတွက် အာမခံသလား။

အဲဒီ အစိုးရအဖွဲ့ကြီးကို တရားဝင်မှု ရစေရေး အတွက် ဘယ်သူက အဓိက ပံ့ပိုးပေးခဲ့သလဲ၊
ဒေါ်အောင်ဆန်းစုကြည် လား၊ အမေရိကန်လား၊ အနောက်အုပ်စုလား၊ စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်ကပဲလား၊ ဒါမှ မဟုတ် မြန်မာပြည်သူတွေ ကိုယ်တိုင်လား။

ဒီလို “ လား” ပေါင်းများစွာနဲ့ မေးခွန်းတွေနဲ့အတူ မြန်မာနိုင်ငံဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲလာနေ တဲ့ နိုင်ငံသစ် တခု လား။

မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။

မြန်မာနိုင်ငံကို ထုတ်ပိုးမှုအသစ်တွေနဲ့ လက်ဟောင်းတွေထဲက နိုင်ငံသစ်ပုံစံ ဖန်တီးခံထားရတာပါလို့ ဧရာဝတီ မဂ္ဂဇင်း တည်ထောင်သူ ကိုအောင်ဇော်က ချင်းမိုင်တက္ကသိုလ်မှာ မနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲ တခုမှာ ပြောလိုက်ပါတယ်။

တကယ်တော့ ဒီဆွေးနွေးပွဲဟာ ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး သုံးသပ်ချက်တွေကို တင်ပြထားတဲ့ The Face of Resistance: Aung San Suu Kyi and Burma’s Fight for Freedom စာအုပ်နဲ့ပတ်သက်ပြီး စာအုပ်
ပြုစုသူ ကို စိတ်ဝင်စားသူတွေအနေနဲ့ အပြန်အလှန် ဆွေးနွေးဖို့ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတခု။

ဒီစာအုပ်ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို အခြေခံပြီး မြန်မာနိုင်ငံရေး အချိုးအကွေ့၊ အနိမ့် အမြင့်တွေနဲ့ပတ်သက်ပြီး ရေးသားပြုစုထားတာပါ။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်ပြီး မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းဟာ တမျိုး တဖုံး စိတ် ၀င်စားဖို့ ပိုကောင်းလာခဲ့တယ်။

၁၉၈၈ ခုနှစ်က စပြီး ထောင်နဲ့ ချီတဲ့ ဒီမိုကရေစီ တောင်းဆိုခဲ့တဲ့ ခေတ်သစ် ကျောင်းသားတွေ၊ လူငယ်တွေ နဲ့ နိုင်ငံ့သားကောင်းတွေလည်း တောတွေ၊ တောင်တွေ၊ ထောင်တွေကို ကိုယ့်အိမ်လို အမှတ်ပြုကာ ရုန်းကန်ခဲ့ ကြရင်း စနစ်ဟောင်း ဒါမှမဟုတ် အာဏာရှင်လက်ထဲက ရုန်းကန်ထကြွဖို့ ကြိုးစားခဲ့ကြရင်း သမိုင်းစာမျက် သစ်ကို ဖွင့်လှစ်ခဲ့ကြတယ်။

ဒီစာမျက်နှာမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအတိုက်အခံ ပါတီ NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ဒီအပြင် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က လူ တွေ၊  မြန်မာနိုင်ငံရေး ခေတ်ပြိုင်သမိုင်းထဲက လူပုဂ္ဂိုလ်တွေရဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရေး အဖြစ် အပျက်ကြီးတွေကို The Face of Resistance: Aung San Suu Kyi and Burma’s Fight for Freedom စာအုပ်မှာ ဧရာဝတီကိုအောင်ဇော်က ရေးသား မှတ်တမ်းတင်ထားခဲ့ပါတယ်။

ဆွေးနွေးမှုတွေမှာ စိန်ခေါ်မှုတွေကို လှစ်ဟပြလိုက်ပြီး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် ပြင်ဆင်မှုတွေ အကြောင်းတွေပါ ပါဝင်ခဲ့တယ်။ အကြီးမားဆုံး စိန်ခေါ်မှု တခုကတော့ မြေယာသိမ်းဆည်းခံရမှုတွေပါ။

ဒီအပြင် တိုင်းပြည် လူဦးရေရဲ့ ရာခိုင် နှုန်း ၇၀ ကျော် ရှိတဲ့ လယ်သမားတွေရဲ့ မြေမဲ့၊ ယာမဲ့အခြေအနေ
တွေ ကနေ မြစ်ဆုံ စီမံကိန်းလို တိုင်းပြည်အတွက် အန္တရာယ်စီမံကိန်းတွေအကြောင်းလည်း ကိုအောင်ဇော် က ထည့်သွင်း ဆွေးနွေးသွားပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ကြာ ကိုယ့်တိုင်းရင်းသား ညီအကိုအချင်းချင်း  လက်နက်စွဲကိုင် စစ်ပွဲတွေဖြစ်နေ တဲ့ ပြည်တွင်းစစ်ကြီး တကယ်ပဲ အဆုံးသတ်ပြီး ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဆိုတာ တကယ် ရနိုင်မလား၊ ငြိမ်းချမ်းရေးအတွက် လောင်စာတွေက ဘာတွေလဲ....

မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ၊ စစ်တပ်က မြန်မာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက်အရေးကြီးသလဲ .. စသဖြင့် စသဖြင့်

ငြိမ်းချမ်းရေးဟာ ဘယ်သူအတွက်လဲ၊ အစိုးရအတွက်လား၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက် လား၊ ဒေသခံ ပြည်သူတွေအတွက်လား ဒါမှ မဟုတ် တနိုင်ငံလုံး တမျိုးသားလုံး အတွက်လားဆိုတာတွေ လည်း သူက ဆွေးနွေးပြသွားတယ်။

မြန်မာ့အပြောင်းအလဲမှာ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ အခန်းကဏ္ဍ၊ အစုအဖွဲ့တခုစီရဲ့ အခန်းကဏ္ဍ၊ အိမ်နီး ချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ အခန်းကဏ္ဍတွေမှာ သူ့နေရာနဲ့ အရေးကြီးပြီး အားလုံးက ဟန်ချက်ညီဖို့ လိုတာတွေလည်း ဆွေးနွေးကြတာ စိတ်ဝင်စားစရာပါ။

ဒီအထဲ မပြောမဖြစ် မြန်မာနိုင်ငံက စာနယ်ဇင်း လွတ်လပ်မှုနဲ့ပတ်သက်လို့လည်း မီဒီယာသမားတဦးပီပီ သူက ပြောသွားပါသေးတယ်။

အရင်က တိုင်းပြည်ရဲ့ အပြင်ကနေ သတင်းတခုတည်ဆောက်ဖို့ အဝေးကနေ လုပ်ရတယ်။ သတင်းအချက် အလက် အတည်ပြုဖို့ အခက်အခဲတွေ ထုနဲ့ ဒေး ရှိခဲ့တာ၊ အခု တိုင်းပြည် တံခါးဖွင့်လိုက်တယ်။

ဒီတော့ အစိုးရ ခေါင်းဆောင်ပိုင်းတွေ၊ လွှတ်တော်ခေါင်းဆောင်တွေစတဲ့ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိ သူတွေနဲ့ မျက်နှာချင်းဆိုင်သတင်းယူလို့ ရနေတဲ့အကြောင်း၊ နောက်ပြီး သတင်းသမားလူငယ်မျိုးဆက်သစ်
တွေကို တပြိုင်တည်းမှာ စုစည်းနိုင်ပြီး သတင်းမီဒီယာ လုပ်ငန်းအတွေ့အကြုံတွေကိုလည်း ပြန်လည် မျှဝေ
နိုင် တဲ့ အခွင့်အလမ်းတွေ ရလာတာတွေက တိုးတက်တဲ့ လက္ခဏာအဖြစ် သူက ဆွေးနွေးပြသွားတယ်။

ဒါပေမယ့် စာနယ်ဇင်းနဲ့ မီဒီယာအပေါ် အစိုးရထဲက လူပုဂ္ဂိုလ်တွေရဲ့ ထိတွေဆက်ဆံနေတဲ့ ပုံစံကတော့ အ ရင် စစ်အစိုးရခေတ် အဆက်ဆက် ကျင့်သုံးလာခဲ့တဲ့ စနစ်ဆိုး ဥာဉ်ဆိုးကြီးက အရှိန်မပျက် ကပ်ပါလာပြီး မီဒီယာ လွတ်လပ်ခွင့်အပေါ် ချုပ်ချယ် ကန့်သတ်ဖို့ တရစ်ချင်း လုပ်လာတဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို လည်း ဆွေနွေးပြသွားပါတယ်။

မြန်မာ့ အရေး စိတ်ဝင်စားကြတဲ့ နိုင်ငံစုံက ပရိသတ်တွေကလည်း မြန်မာပြည် အမှန်တကယ် တိုးတက်
ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်စေဖို့ ရှု့ထောင်အမျိုးမျိုးကနေ ဆွေးနွေးကြတယ်။


ဆွေးနွေးပွဲဟာ အသက်ဝင် လှုပ်ရှားနေပြီး ခန်းမတခုလုံး မြန်မာ့ ရေ၊ မြန်မာ့ရေ၊ မြန်မာ့လေ နဲ့ မြန်မာ ရနံ့ တွေ သင်းထုံ လှိုင်ပျံ့နေပေမယ့် သက်ပြင်းချသံတွေနဲ့အတူ မြန်မာအရေး ရင်လေး သံတွေနဲ့ ဆွေးနွေး ပွဲကို အဆုံးသတ်ခဲ့ကြပါတယ်။

လင်းသန့် | ဧရာဝတီ

မှတ်ချက်များ