တစ်ချိန်က ဂီတနှင့် ရုပ်ရှင်နယ်ပယ်နှစ်ခုစလုံးတွင် ပရိသတ် အားပေးမှုရရှိခဲ့ပြီး ပညာရေးဘက်တွင်လည်း ထူးချွန်သူ အဆိုတော်၊ သရုပ်ဆောင်၊ ဒေါက်တာစိုးသူကို ပရိသတ်များ ယခုအချိန်အ ထိ မေ့နိုင်ဦးမည်မဟုတ်ချေ။ ပရိသတ်ရှေ့မှ ဆယ်နှစ်ကျော် ပျောက် ကွယ်သွားခဲ့သော်လည်း ပရိသတ်များ၏ရင်ထဲတွင် နေရာယူထား ဆဲဖြစ်ကြောင်းကို ပြီးခဲ့သည့်နှစ် မတ်လ ၃၀ ရက်က မိုင်ဒါကွင်း ၌ပြုလုပ်ခဲ့သော တစ်ကိုယ်တော်ဖျော်ဖြေပွဲက သက်သေပြနိုင်ခဲ့သည်။ အသက်အရွယ်နှင့်မလိုက်အောင်နုပျိုသူဟု ပရိသတ်များ သတ်မှတ်ထားသော စိုးသူကို မကြာမီတွင် မန္တလေးမြို့ ၌ပြုလုပ် မည့် ဖျော်ဖြေပွဲနှင့် လက်ရှိအနုပညာလှုပ်ရှားမှုများ ကို တွေ့ဆုံမေးမြန်းခဲ့ ပါသည်။
မေး- မန္တလေးမှာလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲအကြောင်း အရင်ဆုံးပြောပြပေးပါလား။ ဒီဖျော်ဖြေပွဲဖြစ်လာဖို့ ဘယ်လောက်အချိန်ပေးခဲ့ရလဲ။
ဖြေ- ဒီပွဲက ရန်ကုန်ပွဲမလုပ်ခင်ကတည်းက စေတနာတူ၊ ၀ါသနာတူတဲ့ လူတွေစုစည်းပြီး အဆင်ပြေဆုံးဟာလေး လုပ်ကြမယ်ဆိုပြီး စိတ်ကူးတာ။ အဲဒီကတည်းက ချက်ချင်းတော့ မလုပ်ဘူးလေ။ ငါးလ ခြောက်လလောက် အချိန်ယူမယ်ဆိုပြီး တကယ့်တကယ် အစ်ကိုပြန်လာတာနဲ့ အသံခွေလေးသွင်းတာနဲ့ဆိုတော့ ၂၀၁၃ ဒီဇင်ဘာလောက်ဆိုပြီး စိတ်ကူးဖြစ်တယ်။ အဲဒီကနေ ဇန်န၀ါရီကို ရွှေ့ကြတယ်။ ဒါပေမဲ့ အစ်ကို ပြန်စဉ်းစားကြည့်တော့ ပရိသတ်တွေအတွက် အချိန်နည်းနည်း ပိုယူရင်ကောင်းမယ်ဆိုပြီး မနှစ်က မတ်လ ၃၀ မှာ လုပ်တဲ့အတိုင်း နှစ်ပတ်လည်အနေနဲ့ လုပ်မယ်ဆိုပြီး စဉ်းစားဖြစ်တယ်။ စနေလိုရက်မျိုးက အဆင်အပြေဆုံးဖြစ်နိုင်တယ်ဆိုပြီး မတ် ၂၉ ရက်ကို ရွေးဖြစ်တယ်။ အဲဒီမှာလည်း ပွဲကျင်းပမယ့်နေရာကို အစ်ကိုက လူတွေများနိုင်သလောက်အများကြီး လာကြည့်နိုင်တဲ့နေရာ ဖြစ်စေချင်တယ်ဆိုတော့ ရွေးကြတာ အဆင်မပြေဘူးဖြစ်တယ်။ အဆင်ပြေမယ်ထင်တဲ့နေရာတွေကလည်း အကြောင်းကြောင်းကြောင့် အဆင်မပြေဘူး။ နေရာတွေ့တဲ့အချိန်မှာ ဒီရက်လုပ်တာထက် ပိုပြီးအဆင်ပြေပြေလေးဖြစ်အောင် ရက်နည်းနည်းရွှေ့ပါလားလို့ တောင်းဆိုကြတယ်။ အစ်ကို မရွှေ့ချင်ဘူး။ နောက်ဆုံးတော့ ဒါကအဆင်ပြေဆုံးဖြစ်မယ်ဆိုပြီး ရက်အားဖြင့်လည်း ကျောင်းသားတွေ စာမေးပွဲဖြေပြီးတဲ့အချိန်၊ သံဃာ့စာမေးပွဲတွေ၊ သန်းခေါင်စာရင်းအစီအစဉ်တွေ လွတ်တဲ့ရက်ကိုစဉ်းစားလိုက်တော့ သင်္ကြန်မတိုင်ခင်လေး ဧပြီ ၁၁ ရက်မှာ ကျင်းပမယ်ဆိုပြီး လုပ်ဖြစ်တာ။ နေရာကတော့ အဆင်အပြေဆုံးအနေအထားရွေးထားတဲ့ အောင်ပင်လယ်ကွင်းမှာလုပ်ဖြစ်မယ်။
မေး- မနှစ်က ရန်ကုန်မှာလုပ်တဲ့ ဖျော်ဖြေပွဲက အောင်မြင်ခဲ့တာဆိုတော့ မန္တလေးပွဲအတွက်ရော ဘာတွေမျှော်လင့်ထားလဲ။
ဖြေ- ရန်ကုန်ပွဲမှာ မိဘပြည်သူပရိသတ်ကြီးက ချစ်ခင်တယ်၊ အားပေးတယ်၊ နွေးနွေးထွေးထွေးကြိုဆိုတယ်ဆိုတော့ အင်မတန်ဝမ်းသာပါတယ်။ ပရိသတ်က အမြဲတမ်း ချစ်ချစ်ခင်ခင်နဲ့ အားပေးတယ်ဆိုတာကိုလည်း သိတယ်။ မန္တလေးပွဲလည်း ဘယ်လိုပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ အစ်ကိုကတော့ ဘာမှမျှော်လင့်မထားပါဘူး။
မေး- ရန်ကုန်မှာတင်ဆက်ခဲ့တဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို ပရိသတ်တွေကြိုက်ခဲ့ကြတာဆိုတော့ မန္တလေးမှာ ဘယ်လိုပုံစံတွေ ဖျော်ဖြေဖို့ပြင်ဆင်ထားလဲ။
ဖြေ- ပရိသတ်အတွက် ကြည့်လို့အဆင်ပြေစေနိုင်မယ့် အစီအစဉ်လေးတွေ စဉ်းစားထားပါတယ်။ အများစုကြည့်ရတာ ကျေနပ်ပျော်ရွှင်စေမယ့် အစီအစဉ်မျိုးတွေ၊ ရာသီဥတုကလည်း ပူလာပြီဆိုတော့ အဲဒါကိုလည်း ထည့်စဉ်းစားရမှာပေါ့။ အဆင်ပြေမယ့်အတိုင်း အစွမ်းဆောင်နိုင်ဆုံးဖြစ်အောင် စီစဉ်မှာပါ။ အဲဒါကြောင့်လည်း အချိန်တွေရွှေ့ရင်း တစ်နှစ်လောက်ဖြစ်သွားတာပေါ့။ သီချင်းက ရန်ကုန်ပွဲလောက်ကတော့ ဆိုရမှာပဲ။ အဲဒီထက် များချင်များမယ်။ ဆိုလည်းဆိုပြချင်တယ်။ ပရိသတ်တွေဆီက တောင်းဆိုထားတဲ့ သီချင်းတွေလည်းရှိတယ်။ အရင်ပွဲက မဆိုဖြစ်တဲ့သီချင်းတွေလည်း ရှိတယ်ဆိုတော့ အများစုအဆင်ပြေမယ့်သီချင်းတွေ ရွေးထားတယ်။
မေး- ၀င်ကြေးနဲ့ ဖျော်ဖြေပွဲလုပ်ရင်လည်း အားပေးမယ့်ပရိသတ်တွေရှိပေမယ့် အခမဲ့ဖျော်ဖြေပွဲတွေပဲ လုပ်ဖြစ်တာက ဘာကြောင့်ပါလဲ။
ဖြေ- ခုနပြောခဲ့သလိုပါပဲ။ အစ်ကို အနုပညာလောကထဲကို (၁၈)နှစ်မပြည့်ခင်က ၀င်လာတယ်။ အနုပညာနယ်ထဲမှာ (၁၈)နှစ် (၁၉)နှစ်လောက် အနုပညာတာဝန် ထမ်းဆောင်တယ်။ အကြောင်းကြောင်းကြောင့် အဝေးကြီးမှာ သွားနေဖြစ်တယ်။ ၁၁ နှစ်၊ ၁၂ နှစ်လောက် ကြာသွားပြီး ပြန်ရောက်လာတယ်။ ပြန်ရောက်လာပြီး အကြောင်းတိုက်ဆိုင်တော့ ဖျော်ဖြေပွဲစီစဉ်ပြီး ဆောင်ရွက်ဖြစ်တယ်။ အဲဒီအပေါ်မှာလည်း အစ်ကိုဆောင်ရွက်နိုင်တာလေးတွေကို လူအများစုအတွက် ဆောင်ရွက်ပေးချင်တာကြောင့် စီစဉ်ဖြစ်တယ်။ ၀င်ကြေးနဲ့ဖျော်ဖြေတာထက်စာရင် အခမဲ့ဖျော်ဖြေတာက လူတွေပိုပြီးကြည့်ရတာ အဆင်ပြေမယ်။ အခမဲ့ဖျော်ဖြေတာတောင်မှ သူတို့မှာ သွားစရိတ်၊ လာစရိတ်ရှိဦးမယ်။ ပြင်ဆင်ရတဲ့အချိန်တွေကုန်မယ်။ ပိုက်ဆံလည်းကုန်မယ်ဆိုတော့ လူအများစုအဆင်ပြေနိုင်မယ့် စေတနာသန့်သန့်ပါပဲ။ အဲဒါကြောင့် ဒီလိုပွဲမျိုးကို ဦးစားပေးစီစဉ်ဖြစ်တာ။
မေး- တစ်ကိုယ်တော်ခွေတစ်ခွေလည်း စီစဉ်နေတယ်ဆိုတော့ အဲဒီအခွေအကြောင်းလေး ပြောပြပေးပါလား။
ဖြေ- ပြည်ပကိုမသွားခင်က စီစဉ်ခဲ့တဲ့ ကိုယ့်ရဲ့တစ်ကိုယ်တော် ၁၁ ခွေမြောက်စီးရီးထဲက ‘ကိုယ့်နေ့သစ်များ’ သီချင်းမှာ တီးပေးထားတဲ့ Majesta က ညီအစ်ကိုတွေကို ပြန်အကူအညီတောင်းပြီး တစ်ခွေလုပ်ဖြစ်တယ်။ လုပ်ဖြစ်တဲ့အခါ ကျောင်းနေဖက်သူငယ်ချင်း ဒေါက်တာစန်းယု၊ ကိုပီးပေါ်၊ Royal Zarmani က ၀င်းသူရလှိုင်၊ ကိုကျော်ဝင်းတို့။ နောက် Majesta က ညီအစ်ကိုတွေနဲ့ အားလုံးတိုင်ပင်ပြီး လုပ်ဖြစ်တာပါ။ သီချင်းအားလုံးကတော့ ကိုယ်ပိုင်သံစဉ်တွေပါ။
မေး- အစ်ကို့ရဲ့တစ်ကိုယ်တော်ခွေကို ပရိသတ်လက်ထဲ ဘယ်တော့လောက်ပို့ပေးဖို့ ရည်မှန်းထားလဲ။
ဖြေ- အဆင်ပြေဆုံး ဖြစ်စေချင်တဲ့စေတနာနဲ့ လုပ်တယ်။ ဒါပေမဲ့ သိပ်ပြီးလည်း အကြာကြီးမဖြစ်ချင်ဘူး။ အဆင်ပြေဆုံးဖြစ်အောင်တော့ ဆောင်ရွက်တော့ အချိန်ကုန်တယ် ကြာတယ်လေ။ တချို့ပရိသတ်တွေဆို အစ်ကိုတို့ဆိုခဲ့တုန်းကသီချင်းတွေက ကက်ဆက်ခွေတွေများတော့ အဟောင်းတွေပြန်ဆိုစေချင်တယ်။ အဟောင်းတွေပြန်စုပေးပါ။ ခွေတွေရှိတယ်။ မနည်းလိုက်ရှာရတယ်။ ၀ယ်လို့တောင်မရတော့ Collection လေးတွေ ပြန်စုပေးပါ။ အဟောင်းတွေကို သူတို့ဝယ်လို့ရအောင် နားထောင်လို့ရအောင် ပြန်ပြီးစီစဉ်ပေးချင်ပါတယ်။ ဒါပေမယ့် အဟောင်းတွေကိုတော့ ပြန်မဆိုချင်ဘူး။ အထူးသဖြင့် ကိုယ်ပိုင်သံစဉ်တွေပဲဆိုချင်တယ်။ ကိုယ်ပိုင်သံစဉ်ဖြစ်ရင်တောင် ဆိုပြီးသားအဟောင်းတွေကို ပြန်မဆိုချင်ဘူး။ ဘာကြောင့်မှတော့ မဟုတ်ပါဘူး။ အစ်ကိုကိုယ်တိုင်က အသစ်အသစ်ပဲ တင်ဆက်ချင်တဲ့စိတ်က ပိုများတယ်လေ။
မေး- ဂီတဘက်မှာတင်မဟုတ်ဘဲ အောင်မြင်တဲ့သရုပ်ဆောင်အနေနဲ့ ပရိသတ်အားပေးမှုရှိနေဆဲပဲဆိုတော့ ဇာတ်ကားတွေ လက်ခံရိုက်ကူးဖို့ကော အစီအစဉ်ရှိလား။
ဖြေ- သရုပ်ဆောင်တာတွေလည်း ကြည့်ချင်ပါတယ်လို့ ပြောကြတယ်။ သရုပ်ဆောင်ဘက်မှာလည်း ရွေးချယ်တာနဲ့ စိတ်တိုင်းကျအောင် ဆောင်ရွက်ချင်တာနဲ့ဆိုတော့ အချိန်ပေးရမှာ။ လာပြီးကမ်းလှမ်းကြတဲ့လူတွေကလည်းပြောတော့ ကိုယ့်စိတ်ထဲမှာ ပရိသတ်တွေအတွက် မတူတဲ့တစ်မျိုးမျိုးလေး တစ်ခုခုလေး တင်ဆက်နိုင်တာမျိုး ပေးဆပ်နိုင်တာမျိုးဆိုရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ စဉ်းစားရင်း ဘယ်သူ့ကိုမှ လက်ခံမယ်လို့ မပြောဖြစ်ဘဲ ကြာနေတာ။ အမှန်တော့ ကြည့်ချင်မြင်ချင်ကြတဲ့ မိဘပြည်သူတွေအတွက် နည်းနည်းပါးပါးလေးတော့ ဆောင်ရွက်ပေးဖို့ စိတ်ကူးထားတယ်။
မေး- Soe Thu Fan Page မှာ အစ်ကို့ရဲ့လှုပ်ရှားမှုတွေကို တင်ပေးနေတာဆိုတော့ ကိုယ်တိုင်အချိန်ပေးသုံးဖြစ်လား။
ဖြေ- အဲဒီ Fan Page ကိုတော့ မကြာမကြာ ကြည့်ဖြစ်ပါတယ်။ အဲဒါကို စေတနာထားပြီးလုပ်ပေးနေတဲ့ Admin တွေရှိပါတယ်။ အဲဒီမှာ တစ်ခုခုတင်မယ်ဆိုရင်လည်း ကိုယ့်ကိုအသိပေးပြီးမှ ဆောင်ရွက်ကြတယ်။ တစ်ခါတလေကျရင်လည်း သူတို့နဲ့တိုင်ပင်ပြီး Update လုပ်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်နာမည်နဲ့ရော ကျောင်းနာမည်နဲ့ရော အကောင့်တွေအများကြီးရှိနေတာ တွေ့ရတယ်လို့ ပြောကြတယ်။ တချို့အကောင့်တွေ လုပ်ထားတာကြာပြီနေမှာပေါ့။ အဲဒီမှာ Comment တွေတောင် များများစားစား တွေ့ရတယ်လို့ပြောတယ်။ မျိုးစုံပါပဲ။ အဲဒီအတွက် အစ်ကို့အနေနဲ့ ဘာမှအထွေအထူးမရှိပါဘူး။ အဲဒီအပေါ်မှာသာ လမ်းချော်သွားမှာမျိုး စိတ်ပူတာပေါ့။ တစ်လောကတော့ Admin ကလေးတွေပြောတာ အစ်ကို့ရဲ့နာမည်နဲ့သုံးထားတဲ့ အကောင့်မှာ မိန်းကလေးတွေကို အနုပညာသမားအချင်းချင်း အားပေးပါဆိုပြီးတော့ ကြော်ငြာတာမျိုးလေးတွေ တွေ့တယ်တဲ့။ တော်ကြာ အစ်ကို့ကိုထိခိုက်မှာစိုးလို့။ အဲဒါ အကောင့်အစစ်မဟုတ်ဘူးဆိုတာ ပြောလိုက်မယ်ဆိုပြီး ပြောလိုက်တာတော့ရှိတယ်။
မေး- အခုနောက်ပိုင်း မြန်မာပြည်မှာ နေဖြစ်တာများလာတယ်ဆိုတော့ မြန်မာနိုင်ငံမှာပဲ ပြန်ပြီးအခြေချဖို့ အစီအစဉ်ရှိလား။
ဖြေ- အဲဒါကတော့ ဟိုးအရင်ကတည်းကပါ။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီး၊ မြန်မာပြည်မှာပဲ နေထိုင်ကြီးပြင်းခဲ့တဲ့ လူတစ်ယောက်က အကြောင်းကြောင်းကြောင့် လေ့လာတယ်၊ ဆည်းပူးတယ်၊ တာဝန်ထမ်းဆောင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်မဟုတ်တစ်ချိန်တော့ ကိုယ့်ကိုမွေးတဲ့နိုင်ငံမှာပဲ ခေါင်းချချင်တဲ့စိတ်ဆိုတာ အမြဲတမ်းရှိနေခဲ့တာပါ။ ကိုယ်ကခေါင်းချချင်ပေမယ့် ရှေ့ဆိုတာ ဘာမှပြောလို့မရဘူးဆိုတော့လေ။
မေး- သင်္ကြန်ကို ဘယ်လိုဖြတ်သန်းဖို့ စီစဉ်ထားလဲ။ ဖျော်ဖြေရေးအနေနဲ့ လက်ခံထားတာမျိုးရှိလား။
ဖြေ- သင်္ကြန်ကိုဖျော်ဖြေဖြစ်မယ်။ မနှစ်ကတော့ ကမ်းလှမ်းထားတာတွေရှိပေမယ့် မဖျော်ဖြေဖြစ်ဘူး။ ဒီနှစ်ကတော့ ဖျော်ဖြေမှုတစ်ခုအနေနဲ့ ဆောင်ရွက်မယ်ဆိုပြီး လာပြောထားတဲ့အထဲက တစ်ခုကိုလက်ခံထားတယ်။
မေး- နှစ်ဆန်းတစ်ရက်နေ့ကိုကော ဘယ်လိုပုံစံနဲ့ဖြတ်သန်းဖို့ စီစဉ်ထားလဲ။
ဖြေ- နှစ်ဆန်းတစ်ရက်နေ့က များသောအားဖြင့် အိမ်မှာ ဖေဖေနဲ့အတူ ဘာသာရေးကိစ္စလုပ်ဖြစ်မယ်။ ဖေဖေ ဥပုသ်စောင့်ရင်လည်း လိုက်စောင့်မယ်လို့ ရည်မှန်းထားတယ်။ နှစ်ဆန်းတစ်ရက်နေ့မတိုင်ခင် ၁၆ ရက်နေ့က အစ်ကို့အမေကွယ်လွန်သွားတာ တစ်နှစ်နဲ့သုံးလပြည့်မှာဆိုတော့ အဆင်သင့်ရင် နှစ်ဆန်းတစ်ရက်နေ့မှာဖြစ်ဖြစ် အဲဒီရက်နောက်ပိုင်းပဲဖြစ်ဖြစ် မေမေ့ရဲ့အုတ်ဂူမှာ သွားကန်တော့မယ်လို့ စိတ်ကူးထားတယ်။
မေး- အစ်ကို့ကိုအားပေးနေတဲ့ ပရိသတ်ကြီးအတွက် လက်ဆောင်စကားလေးပြောပေးပါဦး။
ဖြေ- ချစ်ချစ်ခင်ခင်နဲ့ အားပေးနေတဲ့ ပရိသတ်ကြီးကို တကယ်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အားပေးရကျိုးနပ်အောင် ဆောင်ရွက်နိုင်တာလေးတွေ ဆောင်ရွက်ပါမယ်။
ကျေးဇူးတင်ပါတယ်။
ဇွဲဥာဏ် | 7 day daily

မှတ်ချက်များ