မြန်မာပြည်မှလာသူ စတိုးဆိုင်ရှင်က လူသတ်ရန်ကြံစည်မှု - ၁

အော်ရဂွန်ပြည်နယ်၊ ပို့တ်လန်းသို့ မြန်မာပြည်မှ ပြောင်းရွှေ့လာပြီး စတိုးဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးသည် လုပ်ငန်းစပ်တူ လုပ်ကိုင်သူ ကို သတ်ဖြတ်ရန် ကြံစည်ကြိုးစားမှုဖြင့် အပြစ် ရှိကြောင်း တရားရုံးက ဧပြီ ၁၀ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပါသည်။ မို့ဆီဒက် ဟာဘီဘူလာ (၅၀ နှစ်) ၏ ပြစ်ဒဏ်ကို ဧပြီ ၁၅ ရက်၊ အင်္ဂါနေ့တွင် ချမှတ်မည် ဖြစ်၍ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံရ နိုင်ပါသည်။

ဟာဘီဘူလာ၏ တရားစစ်ဆေး စီရင်မှုကို မြန်မာစကားပြန် အကူအညီဖြင့် ပြုလုပ်ခဲ့သော်လည်း ၎င်းဖက်မှ ရှေ့နေမရှိပဲ ကိုယ်တိုင် လျှောက်လဲချက်ပေးခဲ့သည်။ ဤဖြစ်ရပ်မှာ အမှန်တကယ် ကြံစည်မှု မဟုတ်ပဲ နောက်ပြောင်သော ဟာသတစ်ခု ဖြစ်ကြောင်း ၎င်းက တရားခွင်တွင် ဖြေရှင်းချက်ပေးခဲ့သည်။

ပို့တ်လန်မြို့ အရှေ့တောင်ပိုင်းတွင် Stop N Go Market အမည်ရှိ စတိုးဆိုင်တစ်ခုကို လုပ်ငန်းစပ်တူ လုပ်ကိုင်နေသော မိုဟာမက် အက်ဘ်ဆာ (၄၅ နှစ်) အား သတ်ဖြတ်ရန် ကြံစည်ကြိုးပမ်းမှုဖြင့် ဟာဘီဘူလာအား ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့တွင် ရဲက ဖမ်းဆီးခဲ့ခြင်း ဖြစ်၏။

တရားခံနှင့် စပ်တူလုပ်ငန်းရှင်တို့သည် ထိုစတိုးဆိုင်ကို ၈ နှစ်ခွဲကြာ အတူလုပ်ကိုင်နေကြကာ တစ်ဦးထံမှ တစ်ဦး ငွေရစရာရှိကြောင်း အပြန်အလှန် စွပ်စွဲရင်း ပဋိပက္ခ ကြီးထွားလာကြောင်း သိရသည်။

ဟာဘီဘူလာသည် အက်ဘ်ဆာကို လူငှား၍ သတ်ပစ်ရန်၊ ပြစ်ဒဏ်ကျခံဖူးသော ရာဇဝင်လူဆိုးတစ်ဦးကို ဆက်သွယ်ခဲ့သည်။ အက်ဘ်ဆာကို သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်ရန် လက်ခ ဒေါ်လာ ၆၀,၀၀၀ ကို အမည်မဖော်ပြသော လူဆိုးက တောင်းဆိုရာ ဟာဘီဘူလာက ဈေးများသည်ဟု ဆိုကာ သူကိုယ်တိုင် သတ်ရန် စီစဉ်ခဲ့သည်။

လူသတ်ရန် သေနတ်တစ်လက်နှင့် အလောင်းသယ်ယူရန် ကားတစ်စင်း ရှာပေးဖို့ လူဆိုးကို ဒေါ်လာ ၁,၁၀၀ ပေး၍ စေခိုင်းခဲ့ပါသည်။ လူဆိုးက ဒသမ ၃၅၇ သေနတ်တိုတစ်လက်နှင့် ကားတစ်စင်းကို ဟာဘီဘူလာအား ရှာပေးခဲ့သည်။

ဉာဏ်များသော နှစ်ဖက်ချွန်ရာဇဝင်လူဆိုး

သို့သော်၊ လူဆိုးသည် ၎င်းလူသတ်ရန်အစီအစဉ်ကို အသတ်ခံရမည့် အက်ဘ်ဆာအား သတင်းပေးခဲ့ပါသည်။ အက်ဘ်ဆာက လူဆိုးအား အသံဖမ်းစက်တစ်ခု ဝယ်ပေး၍ ဟာဘီဘူလာ၏ အကြံအစည်ကို တိတ်တဆိတ် အသံသွင်းယူစေခဲ့၏။ ဟာဘီဘူလာ၏ အသံဖြင့် လူသတ်ရန် အစီအစဉ်ကို နားထောင်ပြီးသည်နှင့် အက်ဘ်ဆာနှင့် လူဆိုးသည် ပို့တ်လန်ရဲစခန်းသို့ ချက်ချင်း တိုင်ကြားအမှုဖွင့်ခဲ့သည်။

ရဲစုံထောက်များသည် လူဆိုး၏ ကိုယ်ပေါ်တွင် လျှို့ဝှက်အသံဖမ်းကိရိယာတစ်ခု တပ်ဆင်ပေးပြီး ဟာဘီဘူလာထံ တစ်ဖန်သွားစေခဲ့ပါသည်။ ဟာဘီဘူလာက ဇွန်လ ၁၁ ရက်၊ အင်္ဂါနေ့တွင် အက်ဘ်ဆာကို သတ်ပစ်ရန် စီစဉ်ထားခဲ့သော်လည်း ဆိုင်သို့ ၎င်းမလာသောကြောင့် ယနေ့ည ဆိုင်ပိတ်ချိန်တွင် သတ်မည်ဟု ပြောဆိုသော စကားကို ရဲများကိုယ်တိုင် အသံဖမ်းယူနိုင်ခဲ့သည်။ သွေးထွက်နည်းစေရန် ကိုယ်ခန္ဓာထက် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ဖို့ ၎င်း၏ အကြံအစည်ကိုလည်း ပြောဆိုခဲ့သည်။

လျှို့ဝှက်အသံဖမ်းချက်ကို ရရှိသည်နှင့် ရဲများက ဟာဘီဘူလာအား ချက်ချင်း ဖမ်းဆီးလိုက်သည်။

မြန်မာနိုင်ငံမှ မည်သည့် ဗီဇာအမျိုးအစားဖြင့် ပြောင်းရွှေ့လာသည်ကို မသိရသော မို့ဆီဒက် ဟာဘီဘူလာသည် အမေရိကန် ပြည်ထောင်စုတွင် ဇနီးနှင့် သားသမီး လေးဦးတို့ ရှိသည်။

ကမ္ဘာသစ်
KPTV - FOX 12

မှတ်ချက်များ