မြန်မာ့တပ်မတော်၏ နပိုလီယံ

မြန်မာ့ တပ်မတော်၏ နပိုလီယံဟု လူသိများသော ဒုတိယ ကာကွယ်ရေးဦး စီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ(ငြိမ်း) ၏ ဈာပန ကို ရေဝေး သုသာန်၌ ဧပြီ ၆ ရက်နေ့က ပို့ဆောင် မီးသင်္ဂြိုဟ်ခဲ့သည်။

ဈာပနအခမ်းအနားသို့ပါတီအသီးသီးမှ ခေါင်းဆောင် များ ပါတီဝင် များနှင့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ၄င်း၏ မိတ်ဆွေများက နောက်ဆုံး ခရီးကို လိုက်ပါ ပို့ဆောင်ခဲ့ သည်။

မြေးတစ်ဦးဖြစ်သူ ဒေါက်တာ ကျော်သက်စိုးက ”သူလိုချင်လို့ လုပ် ခဲ့တာ မဟုတ်ဘဲ သူ့ကို အပ်ခဲ့လို့ လုပ်ခဲ့ တဲ့ တာဝန်တွေ ကြီးပဲ။ နိုင်ငံအတွက် တာဝန်ကျေ ခဲ့တာ ကျွန်တော် အထူးပြော စရာ မလိုဘူး။ မြေးတစ်ယောက် အနေနဲ့ ပြောရရင် မိသားစု အပေါ်မှာလည်း တာ ဝန်ကျေခဲ့တယ်။ ရိုးရိုးရှင်းရှင်း နဲ့ပဲ ဘဝ ကို ဖြတ်သန်းခဲ့တယ်။ အဖိုးနဲ့ ပတ်သက် ပြီးတော့ ကျွန်တော် တို့မှာ ဂုဏ်ငယ်စရာ သိမ်ငယ်စရာ ဒါမျိုး မရှိဘူး။ သူရခဲ့တဲ့ ဂုဏ်အတွက် ကျွန်တော် အမြဲဂုဏ်ယူနေ မှာပါ”ဟု အဖိုး၏ နောက်ဆုံး ခရီး လိုက် ပါ ပို့ဆောင်စဉ်တွင် မြေးတစ်ဦး အနေဖြင့် ဂုဏ်ယူလျက်ရှိကြောင်း ဆိုသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးပါတီတွင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက် ခဲ့သောကြောင့် ၄င်းကွယ်လွန်ချိန်တွင် လစ်လပ်သွားသော ဥက္ကဋ္ဌ ရာထူးအတွက် ၄င်းပါတီ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းအရ ဥက္ကဋ္ဌ သို့မဟုတ် အထွေ ထွေ အတွင်းရေးမှူး နေရာများ လစ်လပ် ပါက နည်းလမ်း များ ရှိကြောင်း သို့သော် သင်္ကြန် နီးကပ်နေပြီဖြစ်သောကြောင့် လက်ရှိတွင် ဥက္ကဋ္ဌနေရာ အတွက် လုပ် ဆောင်ခြင်း မရှိသေးသော်လည်း သင်္ကြန် အပြီးတွင် ဗဟိုကော်မတီဝင် အစည်း အ ဝေးခေါ်ပြီး ဥက္ကဋ္ဌ နေရာ ရွေးချယ်သွား မည်ဖြစ်ကြောင်း ပြောသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးပါတီတွင် ဗဟိုကော်မတီဝင် ၂ဝဝ ရှိပြီး ပါတီတွင်း ဒီမိုကရေစီ နည်းအရ ဗဟိုကော်မတီဝင် အများစုမှ မဲပေးသူကို ဥက္ကဋ္ဌ အဖြစ် ရွေးချယ် သွားမည်ဖြစ် ကြောင်း ဦးဟန်ရွှေ က ပြောသည်။

ပါတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ကွယ်လွန်သူ ဦး ထွန်းရီနှင့် ပတ်သက်ပြီး လည်း ဦးဟန် ရွှေက ”သူနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော် နဲ့ သူနဲ့က အသက်က ၁၅၊ ၁၆ နှစ်လောက်ကို ကွာတယ်။ သူ့အနေ နဲ့ နယ်ချဲ့ကို တိုက်နေတဲ့ အချိန် ဖက်ဆစ်ကို တိုက်နေတဲ့ အချိန် အမျိုးသား လွတ်လပ်ရေးဆောင်ရွက်နေ တဲ့ အချိန် မှ ကျွန်တော်က လူဖြစ်တာ။ ပြီးတော့ သမိုင်းကောင်း ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးပါ။ လမ်းစဉ်ပါတီခေတ် မှာလည်း ဒုတိယ ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ပေးခံ ရတယ်။ အဲဒီ အချိန်တုန်းက မြန်မာ တစ်ပြည်လုံး မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ဆိုလို့ သူတစ်ဦး ပဲ ရှိတယ်။ တပ်မတော် မှာလည်း ထူး ချွန်ထက်မြက်စွာ ဆောင်ရွက်နိုင် ခဲ့တယ်။ သူ့ရဲ့ အပြောင်မြောက် ဆုံးသော တိုက်ပွဲ ပြပါဆိုရင် ရက် ၄ဝ ကွမ်းလုံ တိုက်ပွဲပဲ။ သမိုင်းလည်း တွင်ခဲ့တယ်။ နောက်ပြီး တော့ ပြောစရာ ရှိတာက တာဝန်ကြီး ကြီးမားမား ထမ်းဆောင် ခဲ့သော်လည်း ဝင့်ဝါတဲ့ အပြုအမူ မရှိဘူး။ နှိမ့်နှိမ့်ချချပဲ နေတယ်။ ပါတီတွင်းမှာလည်း ရိုးရိုး ဖြောင့်ဖြောင့်ပဲ နေခဲ့တယ်။ ပြောရရင် အတ္တမဲ့ အရည်အချင်းတွေ နဲ့ ပြည့်စုံ တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ”ဟု မှတ်ချက်ပြုသည်။

၎င်းနှင့် ဗိုလ်သင်တန်း အတူတက် ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦးက ”ကျွန်တော်နဲ့ ဗိုလ်သင်တန်း အတူတက်ခဲ့တာ။ ဂျပန် ခေတ် စစ် တက္ကသိုလ် ဗိုလ်သင်တန်း အမှတ်စဉ် ၃ မှာ သူနဲ့ ကျွန်တော်နဲ့က တပ်စု တစ်စုတည်းပဲ။ နဂိုကတည်းက ပုပု၊ လူပုစိတ်တိုပေါ့။ အင်မတန် သဘော ကောင်းတယ်။ သူ့ခေါင်း က ဆံပင်အတို ညှပ်ထားရင် နပိုလီယံ ရဲ့ခေါင်းနဲ့ တူ တယ်။ ပုလည်းပုတော့ ဒါကြောင့် နပို လီယံလို့ ခေါ်တာ။ ကျွန်တော် ကာကွယ် ရေးဦးစီး ချုပ်ဖြစ်တော့မှ သူက တပ်ရင်း မှူး။ သူငယ်ချင်းချင်း ပြန်စောင့်ရှောက် ရတာပေါ့။ နောက်တော့ သူက ဒု ကာ ကွယ်ရေး ဦးစီးချုပ်ထိ ဖြစ်သွားတယ်။ နောက်တော့ တပ်မတော်က အနားယူ တစည ဖွဲ့တော့ သူပါလာတယ်။ အစော ပိုင်းက သူ ဥက္ကဋ္ဌ မဟုတ်ဘူး။ ဥက္ကဋ္ဌက ကိုသာကျော်”ဟု ပြောသည်။

”၁၉၇၁ ခုနှစ်တွင် ဝဒေသများ ကို ကွန်မြူနစ်များက သိမ်းပိုက် ထားနိုင်ခဲ့ပြီး ဗျူဟာမြောက် မုန်းယန်းဒေသကို ကွန်မြူ နစ်များနှင့် အင်္ဂလိပ်ရှမ်း လူမျိုး တပ်မှူး မိုက်ဒေးဗီး၏ တပ်များက သိမ်းပိုက် ထားခဲ့ကြသည်။ ထို့နောက် ကျိုင်းတုံ မြို့ကို သိမ်းပိုက်ရန် ခြိမ်းခြောက် လာရာ ထိုအချိန်က မြန်မာ နပိုလီယံဟု ခေါ် သော ဒုတိယ ဗိုလ်ချုပ်ကြီး ဦးထွန်းရီ ကွပ်ကဲမှုဖြင့် ကျိုင်းတုံမြို့ကို ပြန်လည် ကာကွယ်နိုင် ခဲ့ကာ မုန်းယန်းဒေသ သို့ ကျူးကျော် ဝင်ရောက်လာ သူများကို ဟန့် တားနိုင်ခဲ့သည်” ဟု မြန်မာ့ သမိုင်း ပညာ ရှင် ဒေါက်တာ သန့်မြင့်ဦး၏ ”ခြေရာ ပျောက်မြစ်” စာအုပ်တွင် ဖော်ပြထား သည်။

မြန်မာ နပိုလီယံဟု ခေါ်သော ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းရီ (ငြိမ်း) ကို မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာ၌ ဖခင် ဦးခနှင့် မိခင်ဒေါ်အေး တို့မှ ၁၉၂၆ မေ လ ၁ ရက်နေ့ တွင် မွေးဖွားခဲ့သည်။

ဝမ်းပြည့်ရွာ မြင်းမူနှင့် မန္တလေး မြို့ တို့တွင် မူလတန်းမှ ဆယ်တန်း အထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၃ မှ ၁၉၄၅ ခုနှစ် အထိ ဂျပန်ခေတ် တွင် ဘီဒီ အေသို့ ဝင်ရောက်ပြီး မင်္ဂလာဒုံ စစ် တက္ကသိုလ် အပတ်စဉ် ၃ ကို တက် ရောက်အောင်မြင်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေးတွင် တိုင်း ၁ တပ်ရင်း ၁ဝ၆ ၌ တော်လှန်ရေး ပြီးသည် အထိ ပါ ဝင်ခဲ့သည်။ ၁၉၅၁ မှ ၁၉၅၄ ခုနှစ်အထိ ပြန်တမ်းဝင် အရာရှိ ဖြစ်ပြီး ၁၉၅၆ ခုနှစ် တွင် ဒုဗိုလ်မှူးကြီး အဆင့်ဖြင့် သနက(၅) တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီး စန်းယု လက်ထက်တွင် အမှတ်(၇၇) ခြေမြန် တပ်မဌာနချုပ် တပ်မမှူး ဖြစ်ခဲ့ သည်။ ထို့နောက် ၁၉၈ဝ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ တွင် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဗဟို အလုပ် အမှုဆောင် တစ်ဦးဖြစ် ခဲ့ သည်။ ၁၉၈၃ ခုနှစ်တွင် နိုင်ငံတော် ကောင်စီ ဝင် တစ်ဦးဖြစ်ကာ ၁၉၈၅ ခုနှစ်တွင် တပ်မတော် မှ အငြိမ်းစား ယူခဲ့သည်။

ဗိုလ်ကြီးဘဝ C.C Course ကို ဗထူးတွင် တက်ရောက်စဉ် အဆင့် ၁ ရရှိ ခဲ့သည်။ ထိုစဉ်အချိန်တွင် အစ္စရေး နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့သူ မိုရှေးဒါယန်း သည် အရှေ့ အာရှနိုင်ငံ များရှိ တပ်မတော် စစ်ကျောင်း များသို့ လေ့လာရေး ခရီးစဉ် တိုင်းတွင် စစ် ကျောင်းတိုင်းရှိ ကျောင်းသား တစ်ဦး စီနှင့် မြေပုံ စစ်ထိုး စစ်ကစားခဲ့ရာ ၄င်း ကသာ အနိုင် ရရှိသည်ဟု သိရသည်။ သို့သော် မြန်မာပြည်သို့ ဗိုလ်ချုပ်ကြီး မိုရှေးဒါယန်း ရောက်ရှိ လာသောအခါ ထိုစဉ်က Captain အဆင့်ဖြင့် စစ် ကျောင်း တက်နေသော ဒုတိယ ဗိုလ်ချုပ် ကြီးထွန်းရီ (ငြိမ်း)သည် မြန်မာနိုင်ငံ ကိုယ်စားပြု စစ်ကစားခဲ့သည်။ ထိုမြေပုံ စစ်ပွဲသည် ညနေ ၆ နာရီမှ နောက်နေ့ နံနက် ၄ နာရီထိ ကြာမြင့် ခဲ့သည်။

မနက် ၄ နာရီတွင် အစ္စရေး ဗိုလ် ချုပ်ကြီး မိုရှေးဒါယန်းက မြန်မာနိုင်ငံမှ ဗိုလ်ကြီး ထွန်းရီကို အရှုံးပေးလိုက် ရတော့ သည်။ ပြိုင်ပွဲ ပြီးဆုံးသောအခါ မိုရှေးဒါ ယန်းက လက် ဆွဲနှုတ်ဆက်ပြီး ”မင်းဟာ အင်မတန်မှ ခေါင်းအေးတဲ့ စစ်ခေါင်း ဆောင် တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ဒီနိုင်ငံရဲ့ ဗိုလ်ချုပ်ကြီး ဖြစ်လာလိမ့်မယ်” ဟု မှတ်ချက်ပြုခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းရီ (ငြိမ်း) သည် ပါတီတာဝန်များ ထမ်းဆောင် နေစဉ် ဧပြီလ ၄ ရက်နေ့ နံနက် ၂ နာရီ ၄ဝ အချိန်တွင် လူကြီးရောဂါဖြင့် ရွှေဂုံတိုင် အထူး ကုဆေးရုံ (SSC) ၌ ကွယ်လွန် သွားပါသည်။

၎င်းကွယ်လွန်ချိန်၌ ဇနီး သားသမီး ခြောက်ယောက် မြေး ၁၈ ယောက် ကျန်ရစ်ခဲ့သည်။ ၄င်းနေထိုင် ရာ ၇ဝ (ဏ) ရွှေတောင်ကြား ၁ ငွေ ဝတ်မှုံရပ်ကွက်တွင် ဧပြီ ၁ဝရက်နေ့၌ ရက်လည်ဆွမ်းကပ်မည် ဖြစ်သည်။

စိုင်းလမင်း၊ အောင်ဇော်ထူး

မှတ်ချက်များ