ရွှေတောင်မြို့နယ်တွင်းလေပြင်းတိုက်ခတ်မှုကြောင့်လူ၂ဦးသေဆုံး

ဧပြီလ၁၂ရက်နေ့ညနေကပဲခူးတိုင်း ပြည်ခရိုင်  ရွှေတောင် မြို့နယ်အတွင်းမှာ လေပြင်းတိုက်ခတ် မှုကြောင့် လူ ၂ ဦး သေဆုံးပြီး အိမ် ၂၀ ခန့် ပျက်စီးပြိုကျခဲ့ပါတယ်။

ညနေ ၇ နာရီခန့်မှာ မိုးနဲ့အတူ ပါလာတဲ့ လေ ကြမ်းကြောင့် ရွှေတောင်မြို့အထွက် ၂ မိုင်ခန့် အကွာ က ကျို့ကုန်းကျေးရွာ လမ်းဘေးသစ်ပင်တွေ ပြိုကျကာ ဘုရားဖူး လိုက်ထရပ်ကား တစီးပေါ်ကို ပိမိပြီး အသက် ၆၀ ကျော် အဖိုးအိုတယောက်နဲ့ အသက် ၄၀ ကျော် အမျိုးသားတဦးတို့ နေရာမှာပင် ပွဲခြင်း ပြီး သေဆုံးခဲ့ပြီး ၅ ယောက်မှာ ဒဏ်ရာရရှိခဲ့ သဖြင့် ပြည်ဆေးရုံကြီးသို့ အရေးပေါ် ပို့ခဲ့ရပါတယ်။

အဲဒီ လေကြမ်းကြောင့် ကသစ်တန်းရွာက အိမ် ၄ လုံးပြိုပြီး ၇ လုံး ပျက်စီးသွားခဲ့ပါတယ်။ ရှင်ငယ်ကျေးရွာက အိမ် ၂ လုံး ပျက်စီးပြီး ၁ လုံး ပြိုကာ မာလကာကုန်း ကျေးရွာက အိမ် ၃ လုံး ပြိုပြီး ၂ လုံး ပျက်စီးသွားခဲ့ပြီး စုစုပေါင်းအိမ် ၂၀ ခန့် ပျက်စီးဆုံးရှုံးသွားပါတယ်။

ဒေသခံစစ်တပ်၊ ရဲ၊ မီးသတ်တို့နဲ့အတူ ရွှေတောင်မြို့က လူမှုအသင်းအဖွဲ့များ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ လာရောက်ကူညီပြီး သစ်ပင်များနဲ့ လမ်းကို ပိတ်နေတဲ့ ကားလမ်းကို ညတွင်းချင်း ရှင်းလင်းပေးခဲ့ကြပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံကို ပို့ခဲ့ကြပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ