ကြိုးဆွဲချ သတ်သေသူ မြန်မာအမျိုးသားကို သင်္ဂြိုဟ်ပြီးစီး

နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့တွင် အထီးကျန်နေထိုင်ရင်း ကြိုးဆွဲချ သတ်သေ သွားသော မြန်မာအမျိုးသားတစ်ဦး၏ ရုပ်ကလာပ်ကို မြန်မာနိုင်ငံသားများအား ကူညီပေးနေသော လူမှုရေးအဖွဲ့အစည်းတစ်ခုက တာဝန်ယူ၍ ဧပြီ ၁၅ ရက်နေ့က သင်္ဂြိုဟ်ပေးခဲ့ ရကြောင်း သတင်းရရှိပါသည်။

ကွယ်လွန်သူမှာ မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာပြီး၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့တွင် နေထိုင်နေသော ကိုနေဒွန်း ခေါ် ဦးအောင်ထွန်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၀ ရှိ ကိုနေဒွန်း သည် ယခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ မြောက်ပိုင်းဒေသတွင် ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံသို့ ရောက်ရှိလာပြီးနောက် ဘတ်ဖလိုးမြို့တွင် မြန်မာနိုင်ငံ သား အသိုင်းအဝိုင်း နည်းပါးသော မြို့၏ တောင်ဖက်ခြမ်း၌ တစ်ဦးတည်း နေထိုင်ကြောင်း သိရသည်။ 

ကိုနေဒွန်းသည် အမေရိကားသို့ မရောက်မီကပင် ရောဂါဝေဒနာများ ခံစားခဲ့ရပြီးနောက် ဘတ်ဖလိုးမြို့တွင် လည်း အပေါင်းအသင်းနည်းကာ အထီးကျန် တစ်ဦးတည်း နေထိုင်လျက်ရှိသည်ဟု မြို့ခံအချို့က ပြောဆို သည်။ လွန်ခဲ့သော နှစ်လခန့်က အလုပ်သမားလျှော့သည့်အထဲတွင် ကိုနေဒွန်းလည်း ပါဝင်ကာ ဝင်ငွေမရှိပဲ စိတ်ကျရောဂါ ခံစားနေရသည်ဟု သိရပါသည်။

မတ်လ ၂၇ ရက်တွင် ကြိုးဆွဲချ သတ်သေသွားသော ကိုနေဒွန်း၏ အလောင်းကို Erie County Burial Unit မှ ထိန်းသိမ်းထားပြီး အသိမိတ်ဆွေများထံ ဆက်သွယ်အသိပေးရန် ကြိုးစားခဲ့သော်လည်း ဘာသာစကား အခက်အခဲကြောင့် မည်သူမျှ မသိပဲ ဖြစ်နေခဲ့သည်။

ပိုင်ရှင်မဲ့အလောင်းအဖြစ် စွန့်ပစ်ခံရမည့် အခြေအနေရောက်နေချိန် ဧပြီ ၁၁ ရက်တွင် သေသူ၏ မိတ်ဆွေ တစ်ဦး ဖြစ်သူ ကိုအောင်ကျော်မင်းအား သက်ဆိုင်ရာမှ ဖုန်းဆက် အကြောင်းကြားလာသဖြင့် ကိုနေဒွန်း သေဆုံးကြောင်း သိရှိခဲ့ရသည်။

ကိုအောင်ကျော်မင်းက ဘတ်ဖလိုးမြို့ ရွှေမင်းဝံဆရာတော်နှင့် မြန်မာနိုင်ငံသားများ လူမှုကူညီရေး အေဂျင်စီ (Burmese Community Services Inc.) သို့ ဆက်သွယ် အကူအညီတောင်းလာသောကြောင့် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ သင်္ဂြိုဟ်ပေးရန် စီစဉ်ခဲ့ရပါသည်။

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို လူမျိုး၊ ဘာသာမခွဲခြားပဲ ကူညီပေးနေသော Burmese Community Services သည် အမေရိကန် တရားဥပဒေအတိုင်း လုပ်ကိုင်ကူညီပေးကာ ဧပြီ ၁၅ ရက်၊ အင်္ဂါနေ့တွင် မီးသင်္ဂြိုဟ်ပေးခဲ့ပါသည်။ ဘတ်ဖလိုးမြို့တွင် သီတင်းသုံးတော်မူသော မြန်မာသံဃာတော် သုံးပါးက ကိုနေဒွန်း၏ ဈာပနကို သရဏဂုံတင်ပေးတော်မူခဲ့ကြသည်။

မြစ်ကြီးနားမြို့ ဇာတိဖြစ်သော ကိုနေဒွန်း (ခ) ဦးအောင်ထွန်း၏ မိသားစု၊ ဆွေမျိုးသားချင်းများသည် မြန်မာနိုင်ငံသားများ လူမှုကူညီရေး အေဂျင်စီ (Burmese Community Services Inc.) သို့ ဆက်သွယ်၍ စုံစမ်းနိုင်ပါသည်။

ကမ္ဘာသစ်

မှတ်ချက်များ