ယာဉ်အိုယာဉ်ဟောင်းအပ် စလစ်နဲ့ ကားတင်သွင်းခွင့် ဖျက်သိမ်းမည်မဟုတ်

လက်ရှိ ပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ ယာဉ်အို ယာဉ်ဟောင်း အပ်နှံလဲလှယ်မှု စနစ်အရ သက်တမ်း ရင့် မော်ဒယ်ကားများကို အပ်နှံ ပြီး မော်ဒယ်မြင့် ကားများ အစားပြန်လည် တင်သွင်းနေသော စနစ်ကို ဖျက်သိမ်းမှာ မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ လနှောင်း ပိုင်းက ယာဉ်အိုဟောင်း အပ်နှံလဲလှယ်မှု စနစ်အ ရ မော်တော်ယာဉ် စလစ် စနစ်ကို ဖျက်သိမ်းမည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ကားအရောင်းအ၀ယ်လောကအတွင်းမှာ ပင် ဈေးမငြိမ်မှု များ ဖြစ်ပေါ်ခဲ့သလို၊ စလစ်ဈေးကွက်မှာရော အရောင်းအ၀ယ် ဈေးကွက်မှာပါ အတော်လေး အေး သွားခဲ့ပါတယ်။

အဆိုပါ စလစ်စနစ် ဖျက်သိမ်းမည့် သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း အတည်ပြု သတင်း ရယူရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနထံသို့ ဆက်သွယ်မေးမြန်းရာမှသာ တာဝန်ရှိသူ တစ်ဦးက ယာဉ်အို ယာဉ်ဟောင်း အပ်နှံစလစ် စနစ်ကို လက်ရှိမှာ ဖျက်သိမ်းမှာ မဟုတ်သေးကြောင်းနဲ့ ဖျက်သိမ်းရန် အစီအစဉ်လည်း မရှိသေးကြောင်း၊ အနီးစပ်ဆုံး အနေနဲ့ လာမယ့် ဘဏ္ဍာရေးနှစ်ရောက်သည်ထိအောင် စလစ် စနစ်ကို ဖျက်သိမ်းမှာ မဟုတ်သေးကြောင်း ပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာ အပ်နှံရန် ကျန်ရှိနေသေးတဲ့ အိုဟောင်း မော်တော်ယာဉ်နဲ့ အက္ခရာနိမ့် မော်တော်ယာဉ်များစွာ ရှိနေသေး ပြီး နောက်ပိုင်း အပ်နှံရန် ကျန်ရှိတဲ့ မော်တော်ယာဉ် အရေအတွက် လျော့နည်းသွားမှသာ စလစ်စနစ်ကို ဖျက်သိမ်းသွားရန် ရှိနိုင်ကြောင်းနဲ့ လတ်တလောမှာ လုပ်ဆောင်နေတဲ့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံစနစ်ကို ဖျက်သိမ်းပြီး အက္ခရာစဉ်အတိုင်း လိုင်စင် ထုတ်ပေးတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ရာအတွက် အချိန်ပေးရဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (IA) | TechSpace Journal

မှတ်ချက်များ