ဘဲပေါင်း ဆီချက် ခေါက်ဆွဲလေးကိုယ်တိုင်လုပ်စားကြရအောင်

မနက်စာ၊ နေ့လည်စာ အစာပြေအဖြစ် လုပ်စားနိုင်အောင် ဘဲပေါင်း ဆီချက်ခေါက် ဆွဲလေးပါ။ ဘဲသားကို နူးအိအောင် ၀တ်ရည် ကတော့ အရင်ဆုံး ဆန်ဝိုင်၊ တရုတ်ဟင်းခတ်တွေနဲ့ နုပ်ပြီမှ pressure cooker နဲ့ပေါင်းထားပါတယ်။ ဆီချက်ခေါက်ဆွဲ အအီပြေ ကြက်သွန်နီ၊ ငရုတ် သီးဆော့ချဉ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ တူတူချက်ကြည့်ရအောင်…

ဘဲပေါင်းတွင် ပါဝင်ပစ္စည်းများ

၁။ ဘဲပေါင်ရင်သား – ၄၀ကျပ်သား (သန့်စင်ပြီးသား)

၂။ တရုတ်မာဆလာ – စားပွဲတင်ဇွန်း တ၀က်

၃။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၎။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၅။ ပဲငံပြာရည် (အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၆။ ပဲငံပြာရည် (အကြည်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ရ။ ဗီနီကာ – စားပွဲတင်ဇွန်း တ၀က်

၈။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းထားပါ)

၉။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်းထားပါ)

၁၀။ ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း

ဆီချက်တွင် ပါဝင်ပစ္စည်းများ

၁။ ခေါက်ဆွဲပြား – ၁၅ကျပ်သား

၂။ ကြက်သွန်မြိတ် – ၂စည်း (ပါးပါးလှီးပါ)

၃။ ကြက်သွန်ဖြူ – ၆မွှာ (နှုတ်နှုတ်စဉ်းပြီ ဆီချက်ချက်ထားပေးပါ)

၎။ ပဲငံပြာရည်(အကြည်)

၅။ ကြက်သားမှုန့်

ချက်ပြုတ်နည်း

၁။ ခွက်တစ်ခုထဲတွင် ဘဲသားကို ထည့်ပြီ ဆူး(သို့)ခရင်းဖြင့် ထိုးပေးပါ။
မှတ်ချက်။ ။ ဘဲသားနုပ်ရာတွင် အသားထဲတွင် စိမ့်ဝင်ရန် ခရင်းဖြင့် ထိုးခြင်းဖြစ်သည်။

၂။ ပြီမှ ဘဲပေါင်းအတွက် ပါဝင်ပစ္စည်းများဖြစ်သော (တရုတ်မာဆလာ၊ သကြား၊ ဆား၊ ပဲငံပြာရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဗီနီကာ၊ ဆန်ဝိုင်)အားလုံးဖြင့် ရောနုယ်ပြီ ၁နာရီခန့်နုပ်ထားပေးပါ။

၃။ နုပ်ပြီလျှင် ပေါင်းအိုး Pressure Cooker ထဲသို့ နုပ်ထားသော ဘဲသား နှင့် ရေ(၃ခွက်)ကို ထည့်ကာ အဖုံးအုပ်ပြီ မိနစ် ၃၀ခန့် ပေါင်းပေးပါ။

၎။ နူးအိသော ဘဲပေါင်းရပြီဆိုလျှင် ဆီချက်ခေါက်ဆွဲ တစ်ပွဲစာ ပြင်ပါတော့မည်။

၅။ ပန်းကန်လုံးတစ်ခုထဲသို့ ခေါက်ဆွဲဖတ်(တယောက်စာ)၊ ကြက်သွန်ဖြူကြော်၊ ဆီချက် (စားပွဲတင်ဇွန်း ၂ဇွန်း)၊ ကြက်သွန်မြိတ် (အနည်းငယ်)၊ ပဲငံပြာရည် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) ဖြင့် တပွဲစာ ပြင်လိုက်ပါ။

၆။ ပြီမှ အပေါ်မှ ဘဲပေါင်းတင်ကာ ဘဲပေါင်း ဆီချက်ခေါက်ဆွဲကို အချဉ်ဖြင့် သုံးဆောင်နိုင်ပါပြီ။

မှတ်ချက် ။ ။ ဆီချက်ခေါက်ဆွဲနှင့် တွဲစားရန် အချဉ်အတွက် (ပါးပါးလှီးထားသော ကြက်သွန်နီ(၂လုံး)၊ ငရုတ်သီးဆော့ (စားပွဲတင်ဇွန်း ၂ဇွန်း)) တို့ကို ခွက်တစ်ခုထဲ ရောနယ်ပေးပါ။
(ဘဲပေါင်းဆီချက် ၄ယောက်စာ)

Wutyee Food House

မှတ်ချက်များ