ဘုန်းကံဘာကြောင့်နိမ့်သလဲ

လူတွေငယ်စဉ်သိတတ်သောအရွယ်မှစ၍ ယခုအ ရွယ်အထိဘုန်းကံဟူသော စကားကို ကြားသိခဲ့ ရဖူးမှာပါ၊ ဘုန်း နှင့် ကံ သည်အတူတူ ပင်ဖြစ်ပါ သလား၊ဘုန်းကံနိမ့်ခြင်း မြင့်ခြင်း ဟူ၍ ရှိပါသလား ဆိုသောအတွေး တစ်ချို့ ရှိတတ်ပါတယ်။

တံတားအောက် ကြိုးတန်းအောက် ညစ်ညမ်း နိမ့်ပါး သည့်အောက်သို့ ၀င်ခြင်းတို့ကြောင့် ဘုန်းနိမ့် တတ် သည် ဟူသောအတွေးများလည်းတွေးတတ်ပါတယ်။
ကဲ...ဘုန်းကံကိစ္စကို အရင်ပြောကြည့်ကြမယ်။မြန်မာလိုဘုန်းကံ-ဟူ၍တွဲခေါ်သည့်အားလျော် စွာ ပါဠိဘာသာအားဖြင့် ပုညကမ္မ-ဖြစ်၍ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ဘုန်းကံဟု ခေါ်ပါသည်။

ရှေးပညာရှိတွေက"ကုသိုလ်ပုန်းကံ သင့်ဆီပြန်သော် မကြံလည်းပြီး ကြံလည်းပြီး၏" လို့ အဆိုရှိခဲ့ကြတယ်။ဒါကြောင့် ဘုန်းကံ ဆိုတာပုညသဒ္ဒါ မှသက်ဆင်းလာတာ သေချာပါတယ်။

နောက် သတ္တာနံ ခန္ဓသန္တာနံပုဏာတိ သောဓေတီတိ ပုဏံ-ဟုပရိတ်ဋီကာက ဆိုထားပြန်ပါတယ်။သတ္တ၀ါတို့၏ခန္ဓာအစဉ်ကို သုတ်သင်တတ်၍ ပုဏ၊ပုည ဟုဆိုသဖြင့် ပုညဟုခေါ်ဆိုသောကောင်းမှု ကုသိုလ်ကံအကျိုးပေး၍ ကောင်းကျိုးချမ်းသာများ ဖြစ်ပေါ်နေခြင်းကိုပင် ဘုန်းကံ ဘုန်းရှိသည်၊ ဘုန်းကြီးသည်ဟု အဆိုပြုကြတာပါ။
တနေ့က စာရေးသူကိုဆေးရုံကိစ္စ အားလုံးကိုလိုက်လံကူညီပေးခဲ့တဲ့ဗုဒ္ဓဘာသာဆရာမအိမ် သို့သွားရာမှာ သူတို့အိမ်ရှေ့မှာအဝတ်လှမ်းတဲ့ကြိုးအောက်ကနေ သွားခဲ့ရတယ်။ပြောချင်သော်လည်းပြောခွင့်မကြုံခဲ့ပေ။
နောက်တနေ့ အတူတူသွားတဲ့သူငယ်ချင်းတပါးခွေးကိုက်ခံရတော့သူမ တွေးမိတာက မနေ့တုန်း က ကြိုးတန်းအောက်ဝင်မိလို့ပါတဲ့။
သူပြောချင်တာက ကြိုးတန်းအောက်ဝင်မိလို့သာဘုန်းနိမ့်ပြီးခွေးကိုက်ခံရသည်ဆိုသည့်သဘောပေါ့။တကယ်တော့ ဘုန်းကံ ဆိုတာ မိမိပြုလုပ်သောကုသိုလ် အကျိုးပေးခြင်းသာ ဖြစ်တာမို့  လမ်းတံတားအောက် ၀င်ခြင်း၊ အိမ်အောက်ထပ်မှာ နေခြင်း၊ မြေအောက်မြေတွင်းမှရေစသည်တို့ကိုသုံးဆောင်ခြင်းကြောင့် နိမ့်ခြင်း၊ ပျက်ပြားခြင်းဖြစ်နိုင်စရာ မရှိပါ။
သို့သော် ကုသိုလ်ကံ ပုည တို့ အကျိုးပေးရာ မျက်မှောက်ကောင်းမှု၊မကောင်းမှုများ၌လည်း အနည်းအများ အမှီပြုသေးသဖြင့် ရှေးကုသိုလ်ကံကောင်း၍ အကျိုးပေးချင်သော်လည်း မိမိက မကောင်းမှုဒုစရိုက်များကို
ပြုလုပ်နေလျှင် အကျိုးပေး ဖွံ့ဖြိုးလိမ့်မည်မဟုတ်ပါ။
ထိုအရာကိုသာ ဘုန်းနိမ့်သည်ဟု ဆိုလိုက ဆိုနိုင်ပါသည်။ယခုခေတ် လမ်းများအထက်၌ တံတားများရှိ၍ ထိုလမ်းများ၌ သွားလာ၍ ဘုန်းနိမ့်ကြရမည်ဆိုလျှင် အိမ်မှ ဘယ်မျှမထွက်ဘဲ နေရတော့မလို ဖြစ်နေပါသည်၊ ထိုအယူစွဲကို ဖျောက်ပယ်ဖို့လိုပါတယ်။
ဆရာတော်အရှင်မြတ် ဦးဇနကာဘိဝံသ မိန့် ခဲ့ဖူးတဲ့စကားလေးကိုသတိရမိတယ်၊ ဘာတဲ့…
"ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့်
ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊
စင်စစ်တော့...
ကံ ဆိုတာ
ရေလာ မြောင်းပေး လုပ်မှလည်း
ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး
မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ"တဲ့ သိပ်ကောင်းပါတယ်။
ဒါကြောင့်မို့  ဘာကြောင့်ဘုန်းနိမ့်တာလဲ ဆိုတာကို
ကိုယ့်ဘာသာကိုဆုံးဖြတ်ပေတော့…။
ဓမ္မစမ်းရေ


Myawady News

မှတ်ချက်များ