စာသင်ကျောင်းများတွင် အစားအသောက် အန္တရာယ်ကင်းရှင်းရေး စီမံချက်ရေးဆွဲ

တိုင်းနဲ့ ပြည်နယ် ၈ ခုရှိ စာသင်ကျောင်းတွေမှာ အစားအသောက် အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးဆောင်ရွက်ဖို့ ပြင်ဆင်နေပြီလို့ အစား အသောက်နဲ့ ဆေးဝါးဌာန ညွှန်ကြားရေးမှူး ဒေါက် တာ ဇော်ဝင်းက ပြောပါတယ်။

ပထမ အဆင့်အနေနဲ့ ကျောင်းတွေမှာ ရောင်းချတဲ့ အသင့်ထုပ်ပိုးပြီး အစားအသောက်ထုပ်တွေမှာ ဓာတုဆေးပါဝင်မှု ရှိ မရှိ စစ်ဆေးဖို့ လုပ်ဆောင် သွားမယ့် အကြောင်း ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

“ကလေးတွေက ဆိုးဆေးတွေပါတဲ့ အစားအသောက်တွေ စားနေရတဲ့ အနေအထားမျိုးရှိနေတော့ ကျနော်တို့က ပထမအဆင့်အနေနဲ့ကတော့ ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ထုပ်ပိုးပစ္စည်းတွေကို ကျန်းမာရေး ဦးစီးဌာနနဲ့ ကျောင်းကျန်းမာရေး အဖွဲ့တွေ ပေါင်းပြီးတော့ သက်ဆိုင်တဲ့ ပညာရေးအဖွဲ့တွေနဲ့ နောက် ပြီးတော့ ပြည်နယ်နဲ့တိုင်း စားသုံးသူရေးရာ ဦးစီးဌာနတွေ ပေါင်းပြီးတော့ အန္တရာယ်ကင်းရှင်းတဲ့ စီမံချက်တွေ ဆောင်ရွက်မှာပေါ့။”

စာသင်ကျောင်းတွေမှာ အစားအသောက် အန္တရာယ်ကင်းရှင်းရေး စီမံချက်ကို ရှေ့အပတ်ထဲ အပြီးသတ်ရေးဆွဲပြီးရင် ဘယ်ပြည်နယ်တိုင်းတွေမှာ ဘာတွေ လုပ်ဆောင်မယ်ဆိုတာ အသေးစိတ်ပြောပြနိုင်မယ်လို့ ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြီးခဲ့တဲ့ နှစ်အတွင်း ရန်ကုန်တိုင်း အတွင်းရှိ ကျောင်း ၁၀ ကျောင်းမှာ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ကျောင်းတွေမှာ တရုတ်ကလာတဲ့ အသင့်စားမုန့်ထုပ်တွေ အများဆုံး တွေ့ရပြီး ထိုင်းကလာတာ ဒုတိယနဲ့ ပြည်တွင်းထုတ်က တတိယလိုက်တယ်လို့ ပြောပါတယ်။

စာသင်ကျောင်းတွေမှာ အန္တရာယ်ရှိတဲ့ စားသောက်ကုန်တွေ မရောင်းဖို့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး သိမ်းဆည်းဖျက်ဆီးသင့်တယ်လို့ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“အဓိကတော့ ဒီဥစ္စာက ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်ဆိုသလိုပဲ FDA က စစ်ဆေးထားတာတွေလည်း မရှိဘူး၊ တရားဝင် ခွင့်ပြုထားတာလည်း မဟုတ်ပဲ။ တရုတ်နယ်စပ် ဘက်ကနေပြီး ဒလဟော ၀င်ပြီးတော့ မင်္ဂလာဈေးတို့၊ သိမ်ကြီးဈေးတို့ ဒိုင်တွေမှာ နေရာ ယူထားတယ်။ ပြီးတော့ ကျောင်း ၁၀ ကျောင်းရှိရင် ၁၀ ကျောင်းလုံးက တရုတ်မုန့်တွေပဲ အပြည့် နေရာယူထားတယ်။ ဒါတောင် ရန်ကုန်၊ နယ်တွေမှာ ပိုစိုးတယ်။ အဓိက ဒီ တရုတ်မုန့်တွေ ၀င်မလာဖို့ဆိုရင် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ပထမဆုံး တာဝန်ရှိပါတယ်။ သူတို့ အဲဒီဥစ္စာကို လုံအောင်ပိတ်ရမယ်။ အဲဒါ နံပါတ် ၁ အရေးကြီးဆုံးပေါ့။ ဒုတိယကတော့ ဒါတွေကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန FDA ကနေ စစ်ဆေးပြီးတော့ အန်ဂျီအိုတွေရယ်၊ ပညာရေး ၀န်ကြီးဌာနရယ်၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတွေ၊ FDA တွေ ၀ိုင်းဝန်းပြီးတော့ လက်ရှိ ပြည်တွင်းဝင်ရောက်နေတဲ့ဟာတွေကို သိမ်းဆည်းပြီး ဖျက်သိမ်းပစ်ဖို့ လိုပါတယ်။”

ပြည်တွင်းမှာ လတ်တလော အမျိုးသားအစားအသောက်ဥပဒေဆိုတာ ရှိပြီး အဲ့ဒီဥပဒေနဲ့ အရေးယူလို့ ရနိုင်ကြောင်းလည်း ဦးဗအုပ်ခိုင်က ပြောပါတယ်။

စားသုံးသူ အကာအကွယ်ပေးရေးဥပဒေကို လွှတ်တော်က အတည်ပြုပေးပြီးဖြစ်ပေမယ့် နည်းဥပဒေ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။


ရွှေအောင် | ဒီဗွီဘီ

မှတ်ချက်များ